
ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီမှာရှိတဲ့ Centro Capital တာဝါရဲ့ ၁၀ လွှာက အခန်းတခန်းထဲမှာ လူ ၅ ယောက်လောက်က အလုပ်ကိုယ်စီ ရှုပ်ဟန်အနေအထားနဲ့ ရှိနေကြပါတယ်။
အဖြူရောင်စာအိတ်တွေကိုထပ်ကာ အတန်းလိုက်စီတင်ထားတဲ့ စားပွဲရှည်ရဲ့နောက်က ထိုင်ခုံမှာ မြန်မာဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကြီးတယောက် ထိုင်နေပြီး သူ့လက်ထဲမှာရှိတဲ့ စာရင်းစာရွက်ကို လှန်လှော စစ်နေပါတယ်။
အခန်းရဲ့ မျက်နှာစာတဖက်မှာတော့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားတယောက်က သူ့လက်ထဲကိုင်ထားတဲ့ အဖြူရောင်စာရွက်ကို အရှေ့မှာရှိတဲ့ ပလတ်စတစ်ပုံးထဲ ထည့်ဖို့ ဟန်ပြင်နေသလို သူ့ရဲ့အနောက်မှာ ကတ်ထူပြားအဖြူနဲ့ အကာအရံလုပ်ထားတဲ့ စားပွဲခုံ ၃ ခုံ ရှိနေပြီး လူတယောက်စီ မတ်တပ်ရပ် နေရာယူထားကြပါတယ်။
ခပ်ကျယ်ကျယ်အခန်းထဲမှာတော့ သူတို့နဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေပဲ ရှိနေခဲ့ပြီး ပြတင်းပေါက်နံရံကို မှန်အပြည့်ကာထားလို့ အပြင်ဘက်က ထိုးထိုးထောင်ထောင် မိုးမျှော်အဆောက်အအုံတချို့ကို ဖောက်မြင်ရပါတယ်။
ဒါက ယူအေအီးနိုင်ငံမှာ စစ်ကောင်စီရဲ့ မြန်မာသံရုံးဖွင့်ထားတဲ့အခန်းဖြစ်ပြီး စစ်အုပ်စု ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ မဲရုံနေရာမှာ ကြိုတင်မဲပေးတဲ့ မှတ်တမ်းပုံရိုက်ဖို့ ဟန်ပြင်နေကြတာ ဖြစ်ပါတယ်။
“လူတောင်မရှိဘူး၊ ဒီလိုပဲဖြစ်နေရမယ်” လို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံကို ကြည့်ပြီး ယူအေအီးမှာ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး မစံပယ်(အမည်လွှဲ)က ရယ်ရယ်မောမောနဲ့ အရွှန်းဖောက် ပြောပါတယ်။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်လုပ်နေတာ ၁၀ စုနှစ်နီးပါးရှိပြီဖြစ်တဲ့ မစံပယ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ကြိုတင်မဲသွားမထည့်ဘဲ ဆန့်ကျင်ခဲ့သူတယောက် ဖြစ်ပါတယ်။
သူကိုယ်တိုင် မဲသွားမထည့်သလို တခြားသူတွေလည်း မဲပေးမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တာဖြစ်လို့ အခုလို တွေ့ရတဲ့မြင်ကွင်းက မစံပယ်အတွက် ကျေနပ်စရာကောင်းနေခဲ့တာပါ။
မစံပယ်အနေနဲ့ အခုရွေးကောက်ပွဲမှာ မဲမပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ကြိုတင်မဲပေးဖို့အတွက် စိတ်အားထက်သန်ခဲ့သလို တိုင်းတပါးမှာ မဲပေးနိုင်ဖို့အတွက် ဦးဆောင် လှုပ်ရှားခဲ့သူထဲက တယောက်ဖြစ်ပါတယ်။
အဲဒီတုန်းက မြန်မာသံရုံး မရှိသေးလို့ ယူအေအီးမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အခက်တွေ့ခဲ့ရတာကြောင့် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲစနစ် ကျင့်သုံးတာ ရှိမနေတဲ့ အာရပ်နိုင်ငံမှာ မဲရုံခွဲဖွင့်ပြီး မဲပေးလို့ရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လို့ မစံပယ်က ပြောပါတယ်။
သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားခဲ့တာ အောင်မြင်ခဲ့လို့ ယူအေအီးမှာ မဲရုံခွဲကို ၂ ရက်ခွဲ အကြာ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသား အယောက် ၁,၀၀၀ လောက် မဲပေးခွင့်ရခဲ့သလို မဲရုံလုပ်အားပေးအဖြစ် ပါဝင်ကြရင်း သူတို့အတွက် သမိုင်းမှတ်တမ်းတခု စိုက်ထူနိုင်ခဲ့ကြပါတယ်။
မစံပယ်က “ဒါတောင် ကိုဗစ်ကပ်ရောဂါကာလမှာနော်။ အခုအနေအထားနဲ့ တခြားစီပဲ” လို့ ဂုဏ်ယူဝင့်ကြွားဟန်အပြည့်နဲ့ ပြောပြပါတယ်။
အခု ၂၀၂၅ မှာ ကျင်းပမဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ယူအေအီးရောက် မြန်မာပြည်သူတွေကသာ မသိကျိုးကျွံပြုပြီး ဆန့်ကျင် ကန့်ကွက်နေကြတာ မဟုတ်ပါဘူး။
ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာ လက်ခံနေတဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီ သံရုံးတွေမှာလည်း ကြုံတွေ့နေရတာဖြစ်ပြီး စစ်အုပ်စုကိုယ်တိုင် ရိုက်ပြီး ဝါဒဖြန့်ထားတဲ့ ကပေါက်ကရောက် မဲပေးသူတွေနဲ့ ရှင်းလင်း၊ ခြောက်ကပ်နေတဲ့ မဲပေးခန်း မှတ်တမ်းဓာတ်ပုံတွေက သက်သေပြနေပါတယ်။
ဂျပန်ရောက်နေတဲ့ မြန်မာလုပ်သားတယောက်ကတော့ “မဲပေးဖို့နေနေသာ၊ မဲရုံတောင် ဘယ်တုန်းကဖွင့်သွားမှန်း မသိလိုက်ကြဘူး” လို့ ပြောပါတယ်။
တိုကျိုမြို့က စစ်ကောင်စီသံရုံးအနေနဲ့ ကြိုတင်မဲထည့်ရမဲ့ရက်ကို အသိပေးတာမရှိဘဲ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ မဲရုံဖွင့်သွားခဲ့တာဖြစ်ပြီး မဲရုံခန်းမက ရှင်းလင်းနေသလို မဲပေးမဲ့လူထက် မဲရုံစောင့် သံရုံးဝန်ထမ်းအရေအတွက်က ပိုများနေတာကို မှတ်တမ်းပုံတွေမှာ မြင်တွေ့ရပါတယ်။
အလားတူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီရှိတဲ့ ထိုင်း၊ မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း ကြိုတင်မဲပေးသူ မထင်မှတ်လောက်အောင် နည်းပါးနေပါတယ်။
ရွေးကောက်ပွဲတခုရဲ့ လူအများ ယုံကြည်လက်ခံမှု တန်ဖိုးနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ရှေ့ပြေးပုံဖော်ကြရတာဖြစ်လို့ အခုလို မဲပေးသူ အင်မတန်မှ နည်းပါးလွန်းနေတာဟာ စစ်အုပ်စုအတွက်တော့ ကောင်းတဲ့နိမိတ် ဖြစ်မနေတာ သေချာပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ စစ်ကောင်စီသံရုံးဆီ သွားပြီး ခြေမချဘဲ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတဲ့ သူတို့ရဲ့ခံယူချက်ကို စွဲကိုင်ဆုပ်ရင်း စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်ပြခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲမှာ မဲမထည့်ဘဲ ပုန်ကန်သူတွေထဲက အတော်များများဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းကဆိုရင် ကြိုတင်မဲပေးဖို့အတွက် သက်ဆိုင်ရာသံရုံးတွေရှေ့မှာ သွားရောက်စောင့်ဆိုင်းပြီး သူတို့နှစ်သက်ယုံကြည်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံအသီးသီးမှာရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ တက်တက်ကြွကြွ မဲပေးခဲ့ကြတဲ့ပုံရိပ်တွေက နိုင်ငံတကာမျက်နှာစာမှာ ဝေဆာခဲ့သလို NLD အရပ်သားအစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့ အားတက်သရော ပေးခဲ့တဲ့ ဆန္ဒမဲတွေကို အာဏာရူးစစ်အုပ်စုက အလေးမထားဘဲ ပယ်ဖျက်ပြီး အာဏာသိမ်းလိုက်တာကို အခဲမကျေတဲ့ ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ အကြမ်းမဖက်တဲ့ တုံ့ပြန်မှုက အာဏာသိမ်း စစ်ကောင်စီကို အထိနာစေခဲ့ပါတယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲကတော့ နိုင်ငံတကာရောက် မြန်မာပြည်သူတွေက မဲမပေးဘဲ ဆန့်ကျင်နေကြသလို ပြည်တွင်းပြည်ပမှာ ပုံစံမျိုးစုံနဲ့ ကန့်ကွက်ရှုတ်ချခံနေရတာကြောင့် မြန်မာ့သမိုင်းမှာ အရုပ်ဆိုး၊ အကျည်းတန်ဆုံး လွတ်လပ်မျှတမှု မရှိဆုံး အများယုံကြည်လက်ခံမှု မရှိဆုံး ရွေးကောက်ပွဲအဖြစ် သမိုင်းမှတ်တမ်းဆိုး ဝင်သွားပြီလည်း ဖြစ်ပါတယ်။
စစ်အုပ်စုက သူတို့ရဲ့ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုမှုရအောင် ကြိုးပမ်းနေချိန်မှာ အဝေးရောက် နိုင်ငံသားတွေက ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ကမ္ဘာကို သက်သေပြနိုင်ခဲ့တာဟာ စစ်ကောင်စီကို အပြင်းထန်ဆုံး ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က “အာဏာအဓမ္မသိမ်းထားပြီး လုပ်တဲ့ရွေးကောက်ပွဲကို လက်လည်းမခံဘူး၊ အသိအမှတ်လည်း မပြုဘူး။ ပြည်သူတွေက ဆက်ပြီး ပုန်ကန်တော်လှန်နေတယ်ဆိုတာ ကမ္ဘာကသိနေဖို့ လိုတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအတွက်တော့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲက ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ အာခံမှုကြောင့် အဖွင့်မလှခဲ့သလို နိုင်ငံတကာရဲ့အမြင်ကို လှည့်ဖြားရယူဖို့လည်း ခက်ခဲသွားခဲ့ရပါတယ်။
အခုလို ပြည်ပရောက် ပြည်သူတွေရဲ့ တုံ့ပြန်မှုက အာဏာသိမ်းစစ်အုပ်စုကို ထိချက်နာစေရုံတင် မကဘဲ ပြည်တွင်းက ပြည်သူတွေကိုပါ စိတ်ခွန်အားရစေပြီး ငုပ်လျှိုးနေတဲ့ တော်လှန်ရေးအသိစိတ်ကို နှိုးဆွပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မင်းမခ
Photo: MOFA-Myanmar


