
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ ဒီဇင်ဘာ ၇ ရက် ညနေက သပိတ်မှောက်ခဲ့တယ်လို့ Yangon 4 Brothers (Y4B) ဆီကနေ သိရပါတယ်။
စစ်တပ်ကပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး”၊ "Our Voice, Our Fight, Our Rights” လှုပ်ရှားမှုကို ရန်ကုန်မြို့ လှည်းတန်းဈေးအနီးဝန်းကျင်မှာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့အညီ သပိတ်မှောက် တော်လှန် ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
“ပြည်သူများအားလုံးကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဉာဏ်သတိဖြင့် ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ကြဖိုနှင့် လုံးဝ မဲသွားမပေးကြဖို့ "NoVote " လုပ်ကြရန် အထူးအလေးထား တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်” လို့ Yangon 4 Brothers (Y4B) တာဝန်ရှိသူက ပြောပါတယ်။
ဒီလူထုလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့- Yangon 4 Brothers (Y4B) က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ တနိုင်ငံလုံးအတိုင်းတာနဲ့ ပြုလုပ်မဲ့ လူထုသပိတ်တိုက်ပွဲကြီးဖြစ်တဲ့ “Silent Strike - အသံတိတ်သပိတ်” ကိုလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။


