
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုနဲ့အတူ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ် (Silent Strike) မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်က ဒီနေ့ ဒီဇင်ဘာ ၉ ရက်မှာ ဆူးလေလူကူးတံတားအနီးမှာ အသိပေးနှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အသိပေးနှိုးဆောင်မှုမှာတော့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊ ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက် ‘အသံတိတ်’ သပိတ်မှာ ပြည်သူလူထုတရပ်လုံးက အတူတကွ ပူပေါင်းပါဝင်ကြဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာလည်း လူထုရဲ့ ‘ပုန်ကန်အံတုမှု’ ရှိမှသာ လွတ်မြောက်မှုအစစ်ကို ရနိုင်မည်ဖြစ်ကြောင်း စတဲ့ အချက် ၃ ချက်ကို အသိပေး လှုံ့ဆော်ခဲ့ကြပါတယ်။
မြို့လယ်ခေါင်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ရန်ကုန်လူထုသပိတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် Libera က “လက်ရှိ ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ 360 CCTV တွေ၊ အသွင်ယူ ထောက်လှမ်းရေး အရပ်ဝတ်တွေ၊ ပုံမှန်ပတ်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ ကြားကနေ အခုလို မြို့လယ်ကောင်လို နေရာမျိုးမှာ အန္တရာယ်များကြားကနေ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဒီလှုပ်ရှားမှုနဲ့အတူ ရန်ကုန်မြို့နေ ပြည်သူတွေ အနေနဲ့လည်း မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မဲ့ Silent Strike မှာ ပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” လို့ DVB ကို ပြောပါတယ်။သရုပ်ဖော်ဓာတ်ပုံထဲမှာတော့ “အမှိုက်ပုံးအနီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ အသံတိတ်သပိတ်နေ့ကို သတိပေးထားပြီး ပုန်ကန်အံတု စာသားပါ ဆိုင်းဘုတ်ကို ထောင်ထားတာဖြစ်ပါတယ်။ အမှိုက်ပုံက အတုအယောင်ရွေးကောက်ပွဲရဲ့ ‘မဲပုံး’ တွေကို ရည်ရွယ်ခြင်းဖြစ်ကြောင်း” ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။


