Home
ဆောင်းပါး
“ရွေးကောက်ပွဲမတိုင်ခင် စစ်အာဏာရှင်က မီဒီယာတွေကို ဘယ်လိုဖိနှိပ်နေသလဲ”
DVB
·
December 8, 2025

အာဏာသိမ်းစစ်တပ်က ကျင်းပမဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် တလအလိုမှာ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ “ရွေးကောက်ပွဲ နှောင့်ယှက်မှု” ဆိုတဲ့ ရွေးကာဥပဒေကို အသုံးချပြီး လွတ်လပ်တဲ့ မီဒီယာတွေကို ဆက်လက်ဖိနှိပ်နေတာကြောင့် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေမရှိဘူးလို့ RSF က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ (မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်) မှာ ရွေးကောက်ပွဲတွေ စတင်ကျင်းပတော့မှာပါ။ ၂၀၂၆ ဇန်နဝါရီလအထိ ဆက်လုပ်မဲ့ ဒီရွေးကောက်ပွဲဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းက စစ်ဗိုလ်ချုပ်တွေဟာ သတင်းမီဒီယာတွေကို ရက်စက်ဖိနှိပ်တဲ့ မူဝါဒကို ကျင့်သုံးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ (RSF က ၂၀၂၅ ခုနှစ်အတွက် “သတင်းလွတ်လပ်ခွင့်ကို ဖျက်ဆီးသူများ” စာရင်းမှာ ထည့်သွင်းထားတဲ့) စစ်ကောင်စီဟာ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကို တကျော့ပြန် တိုးမြှင့် လုပ်ဆောင်လာပါတယ်။

ပထမဆုံးအကြိမ်အဖြစ် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” (ရွေးကာဥပဒေ) ကို ထုတ်သုံးလာပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဥပဒေကို လက်တလုံးခြားလုပ် ဖိနှိပ်ဖို့အတွက် ဒီဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေပါ စကားလုံးအသုံးအနှုန်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း မရေမရာ ရေးသားထားတာပါ။

နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက စစ်ကောင်စီ အာဏာပိုင်တွေဟာ မြန်မာအခြေစိုက် လွတ်လပ်သော သတင်းသမားများ ကူညီစောင့်ရှောက်ရေးအသင်း (AAMIJ) ကို ရွေးကာဥပဒေ ပုဒ်မ ၂၄(က) နဲ့ တရားစွဲခဲ့ပါတယ်။ (AAMIJ ဆိုတာ ပြည်ပကနေ မြန်မာ့အရေး သတင်းတွေ ထုတ်ပြန်နေတဲ့ မီဒီယာတခု ဖြစ်သလို အသင်းအဖွဲ့တခုလည်း ဖြစ်ပါတယ်)။ ဒီပုဒ်မအရ “ကိုယ်စားလှယ်လောင်း တဦးဦးကို ခြိမ်းခြောက်တာ ဒါမှမဟုတ် ထိခိုက်နစ်နာစေတာအတွက် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်းတဦးဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားကို ဖော်ထုတ်ခဲ့လို့ AAMIJ ဟာ တရားစွဲဆိုခံရတယ်လို့ သိရပါတယ်။

RSF အာရှ-ပစိဖိတ် ရုံးခွဲ ညွှန်ကြားရေးမှူး ဆဲဒရစ် အယ်လ်ဗီယာနီက “ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မြန်မာစစ်ကောင်စီဟာ သတင်းစီးဆင်းမှုကို ထိန်းချုပ်တဲ့ မူဝါဒကို ပိုတင်းကျပ်လာပါတယ်။ မီဒီယာကို လုံးဝပိတ်ပင်တဲ့အဆင့်ထိ ရောက်လာနေပါပြီ။ သူတို့ပေးချင်တဲ့ သတင်းစကားက ကြောက်စရာကောင်းပါတယ်။ ရွေးကောက်ပွဲအကြောင်း လွတ်လွတ်လပ်လပ် သတင်းယူချင်တဲ့ သတင်းထောက်တွေဟာ နှောင့်ယှက်ခံရမယ်၊ အကြမ်းဖက်ခံရမယ်၊ ထောင်ချခံရမယ်၊ သတ်တောင် သတ်ဖြတ်ခံရနိုင်တယ် ဆိုတာပါပဲ။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်ပြီး လွတ်လပ်တဲ့ သတင်းလုပ်ငန်းအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ တွန်းအားပေးရမဲ့အချိန် ရောက်ပါပြီ” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

နိုင်ငံခြားသတင်းမီဒီယာတွေကို ပြည်ဝင်ခွင့် အကြီးအကျယ် ကန့်သတ်ထားတဲ့ စစ်ကောင်စီက နိုင်ငံတကာ သတင်းထောက်တွေကို ရွေးကောက်ပွဲ လာသတင်းယူဖို့ “ခွင့်ပြုမယ်” လို့ အောက်တိုဘာလကုန်တုန်းက အသံကောင်းဟစ် ကြေညာခဲ့ပါတယ်။

အပေါ်ယံကြည့်မယ်ဆိုရင် ပွင့်လင်းမှုရှိသယောင် ထင်ရပေမဲ့ တကယ်တမ်းကျတော့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ပါလာပါတယ်။ တရားဝင် အသိအမှတ်ပြုကတ် (Accreditation) မရှိဘဲ ရွေးကောက်ပွဲ သတင်းယူခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူ အများအပြားကတော့ ဒီရွေးကောက်ပွဲ အခင်းအကျင်းဟာ “လိမ်လည်လှည့်ဖြားမှု” သက်သက်ပဲလို့ သတ်မှတ်ထားကြပါတယ်။ အဓိကကတော့ လွတ်လပ်တဲ့ မီဒီယာတွေကို ဖိနှိပ်ထားလို့ပါပဲ။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ မီဒီယာတွေအပေါ် အလွန်ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေ လုပ်ခဲ့ပါတယ်။

  • သတင်းထောက်နဲ့ သတင်းလွတ်လပ်ခွင့် ကာကွယ်သူ ၇ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
  • သတင်းထောက် ၂၀၀ ကျော် ဖမ်းဆီးထောင်ချခံခဲ့ရပြီး အဲဒီထဲက အနည်းဆုံး ၅၁ ဦးဟာ ဒီနေ့အထိ အကျဉ်းထောင်ထဲမှာ ရှိနေဆဲပါ။
  • စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ဖော်ထုတ်တဲ့ သတင်းထောက်တွေဟာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။ ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အိပ်ခွင့်မပေးတာနဲ့ အစာရေစာ ဖြတ်တာတွေ ခံခဲ့ရပါတယ်။
  • မီဒီယာ ၁၅ ခုရဲ့ လိုင်စင်တွေကို မတရား ရုပ်သိမ်းခဲ့တာကြောင့် သူတို့ရဲ့ အဖွဲ့သားတွေဟာ လုံခြုံရေးအန္တရာယ် ကြီးမားတဲ့ကြားက မြေအောက်လှုပ်ရှားမှုအနေနဲ့ လျှို့ဝှက် လုပ်ကိုင်နေကြရပါတယ်။
  • အင်တာနက် ဖြတ်တောက်မှုတွေကြောင့် သတင်းထောက်တွေ အလုပ်လုပ်လို့မရ၊ ဆက်သွယ်လို့မရ ဖြစ်ခဲ့ပြီး ဒေသတချို့မှာ “သတင်းအမှောင်ချ” ခံထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

၂၀၂၅ ခုနှစ် RSF ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်း (World Press Freedom Index) အရ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၀ ရှိတဲ့အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၆၉ မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဒုတိယအများဆုံး ထောင်ချတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

Ref: RSF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013