Home
မြန်မာသတင်း
ရွေးကောက်ပွဲလေ့လာမည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် စစ်ကောင်စီအမိန့်ပေး
DVB
·
December 8, 2025

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ပြည်တွင်းကို ဝင်ရောက်လာမဲ့ နိုင်ငံခြားသားတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ စစ်ကောင်စီခန့် လဝကဝန်ကြီး ဦးမြင့်ကြိုင်က ဒီဇင်ဘာ ၇ ရက်မှာ အမိန့်ပေးခဲ့တယ်လို့ လေဆိပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လဝကဝန်ကြီး ဦးမြင့်ကြိုင်နဲ့ စစ်ထောက်လှမ်းရေး အဖွဲ့တွေ ရောက်လာပြီး ရွေးကောက်ပွဲအတွက် ပြည်ပကနေ ဝင်လာမယ့် နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့တယ်လို့ လေဆိပ်နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ရွေးကောက်ပွဲအတွက် နိုင်ငံခြားသားတွေ လာဖို့ရှိတယ်။ တရုတ်နဲ့ ရုရှားက လွဲရင် ကျန်တဲ့ နိုင်ငံတွေက စစ်တပ်ကိုဆန့်ကျင်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်တဲ့သူတွေ ပါလာနိုင်တယ်။ လဝကဘက်က သေချာစစ်ဆေးဖို့ ဝန်ကြီးက အမိန့်ပေးတယ်။ မသင်္ကာတဲ့ အချက်အလက် တွေ့တာနဲ့ SP နဲ့ စရဖကို ဆက်သွယ်ပြီး မျက်ခြည်မပြတ် နောက်ယောင်ခံ စောင့်ကြည့်ဖို့ ပြောတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် ပြည်ပထွက်ခွာမဲ့သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တင်ထားပါက လဝကနဲ့ လေဆိပ်ရဲက ထွက်ခွာခွင့်မပြုဘဲ ထပ်မံစစ်ဆေးရမယ်လို့ ညွှန်ကြားထားတယ်လို့ လဝကနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ပထွက်ခွာခွင့်ရော ပြည်တွင်းဝင်လာမယ့်သူရော အကုန်ကန့်သတ်ထားတာ။ ပြည်တွင်းက ထွက်မယ့်သူဆို ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ ဗိုက်ဘာနဲ့ တစ်တော့တွေပါ စစ်ခိုင်းတာ။ ကြိုတင်မဲပေးဘဲလည်း ပြည်ပထွက်လို့မရဘူး။”

စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်လိုသူတွေ အနေနဲ့ မိမိလေ့လာလိုတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်တွေကို ဒီဇင်ဘာ ၅ ရက် နောက်ဆုံး စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားရမယ်လို့ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ ရန်ကုန်တိုင်းမှအပ ပြည်နယ်နဲ့တိုင်းက ရပ်ကွက်နဲ့ ကျေးရွာ ၃,၀၀၀ နီးပါးမှာ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013