
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲလာမပေးကြတဲ့အတွက် စစ်ကောင်စီသံရုံးက မဲရုံဖွင့်တဲ့ရက်ကို ဒီဇင်ဘာ ၁၂ ရက်အထိ ထပ်တိုးထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
သံရုံးအနီးမှာ မြန်မာနိုင်ငံသားတွေက စောင့်ဆိုင်းကာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပြီး တောင်ကိုရီးယားသံရုံးဟာ တခြားနိုင်ငံတွေရှိ စစ်ကောင်စီသံရုံးတွေထက် ကြိုတင်မဲလက်ခံရရှိဖို့ ပိုမို အခက်တွေ့နေတာဖြစ်ပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ တောင်ကိုရီးယားရောက် မြန်မာတယောက်က "ဆန္ဒပြတာရှိနေလို့ ကြိုတင်မဲ မရတာဆိုပြီး ရက်ထပ်တိုးတာလည်းဖြစ်နိုင်တယ်။ မဲရဖို့အတွက် တခြားနည်းလမ်း အကြံထုတ်ပြီး စီစဥ်တာလည်းဖြစ်နိုင်တယ်"လို့ ပြောပါတယ်။
စစ်ကောင်စီသံရုံးအနီးမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့မြန်မာနိုင်ငံသားတွေက ကြိုတင်မဲ စလက်ခံတဲ့ ဒီဇင်ဘာ ၆ ရက်ကတည်းက ဆန္ဒပြနေခဲ့ကြဖြစ်ပြီး ပထမနေ့မှာ စစ်ကောင်စီခန့် အလုပ်သမားသံအရာရှိရောက်လာပြီး ကြိုတင်မဲလာပေးသူရှိမနေတဲ့အကြောင်း ပြောသွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ကြိုတင်မဲလက်ခံတဲ့ ဒုတိယနေ့မှာလည်း မဲလာပေးသူရှိမနေဘဲ သံရုံးမှာ လူအဝင်အထွက်ရှင်းနေတယ်လို့ အဲဒီအနီးအနားရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေက ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ EPSစနစ်နဲ့ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈၀,၀၀၀ ထက်မနည်းရှိသလို တခြားနည်းလမ်းနဲ့ ရောက်နေသူအများအပြားလည်းရှိနေကြပါတယ်။
လက်ရှိ စစ်ကောင်စီရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူရှားပါးနေပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ကြိုတင်မဲလာပေးသူ များပြားခဲ့လို့ တောင်ကိုရီးယားအစိုးရက ရဲလုံခြုံရေးပေးခဲ့ရတဲ့အထိရှိခဲ့တယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပြီး ပြည်တွင်းနဲ့ ပြည်ပမှာ ကန့်ကွက်ဆန္ဒပြနေကြ ပါတယ်။


