
ယူအေအီးနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ မြန်မာနိုင်ငံသားတချို့ကို စစ်ကောင်စီသံရုံးက ဆက်သွယ်ပြီး ကြိုတင်မဲထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ အဲဒီနိုင်ငံမှာရှိတဲ့ မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
ယူအေအီးနိုင်ငံရှိ စစ်ကောင်စီသံရုံးမှာ ဒီဇင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ မဲရုံဖွင့်ထားခဲ့ပြီး သွားရောက်မဲပေးသူ မရှိသလောက်ဖြစ်ခဲ့တဲ့နောက် သတ်မှတ်ရက်ကျော်သွားပေမဲ့ ကြိုတင်မဲပေးလို့ရသေးတယ် ဆိုကာ အတင်းအဓမ္မ ဖိအားပေး ဆက်လုပ်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ သံအမတ် ဦးကျော်ကျော်မင်းက ယူအေအီးနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်အချို့ကို ကြိုတင်မဲလာထည့်ဖို့ ပတ်စ်ပို့ပွဲစားကနေတဆင့် ဆက်သွယ်ပြောခိုင်းတာလို့ အဲဒီအခြေအနေ သိရှိထားသူတယောက်က ပြောပါတယ်။
“သံအမတ်ကလည်း ကြိုတင်မဲများများရရင် သူ မျက်နှာကောင်းရမယ်ဆိုတဲ့သဘောနဲ့ သူကိုယ်တိုင် အမုန်းမခံဘဲ အဲဒီ အမျိုးသမီး (ပတ်စ်ပို့ပွဲစား)ကို ခိုင်းစားထားပုံရတယ်။ ဒါနဲ့ အဲဒီအမျိုးသမီးက အဘ၊ အဘနဲ့ အဘကို ပါးစပ်က မချတော့ဘူး။ သံအမတ်ကို အဘခေါ်ပြီး အဘဆီက အာဏာအကုန်ရထားသလို လုပ်နေတော့တာ။ အခုက မဲလိမ်တာတင် မဟုတ်ဘူး၊ အဘကိုယ်စား အတင်းအဓမ္မကြီးကို ခြိမ်းခြောက်မဲထည့်ခိုင်းနေတာ။”
ကြိုတင်မဲပေးခွင့် ပုံစံ-၁၅ ဖောင်ဖြည့်ထားတာ မရှိသူတွေပါ မဲပေးရမှာဖြစ်ကြောင်း၊ မဲမထည့်ရင် သံရုံးက BlackList သွင်းကာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်းတိုးမပေးတာမျိုးနဲ့ လုပ်လက်စလုပ်ငန်းတွေကိုပါ အခက်တွေ့စေမဲ့ နောက်ဆက်တွဲ ပြဿနာကြုံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောနေတာလို့ ဖိအားပေးခံရသူ နဲ့ ရင်းနှီးတဲ့သူတယောက်က ပြောပါတယ်။
“သံရုံးမှာ မဲထည့်တဲ့သူ မရှိတော့ စီးပွားရေးလုပ်နေသူတွေ အကျပ်ကိုင်ဖို့ကို သူက အားပေးကူညီနေတာ။ သူနဲ့ မကင်းတဲ့သူတွေကို လိုက်ဆက်သွယ်ပြီး ဖိအားပေးနေတာ။ စစ်ကောင်စီသံရုံး အကြိုက် လုပ်ပေးနေတာ။”
ယူအေအီးနိုင်ငံက စစ်ကောင်စီသံရုံးအနေနဲ့ ကြိုတင်မဲပေးခွင့်ပုံစံ ၁၅ လက်ခံချိန်ကလည်း ပတ်စ်ပို့ဝန်ဆောင်မှုပေးနေသူ တယောက်ကို ဖောင် ၅၀ ဖြည့်ရမယ်ဆိုပြီး အကျပ်ကိုင်ခဲ့တာ ရှိပါတယ်။
အခြေအနေအရ ပုံစံ ၁၅ ဖြည့်လိုက်ရသူတွေက မဲရုံဖွင့်တဲ့နေ့မှာ မဲသွားမထည့်ကြလို့ သူတို့ရဲ့မဲကို သံရုံးက စိတ်ကြိုက် မဲမသမာမှု လုပ်နိုင်သလို ကြိုတင်မဲထပ်ရအောင်ဆက်ပြီး ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။
ယူအေအီးနိုင်ငံမှာ မြန်မာသံရုံးစဖွင့်ကတည်းက ပြည်သူတွေ သံရုံးကို တိုက်ရိုက်လာလို့မရအောင် ပွဲစားအများအပြား မွေးထားပြီး ပွဲစားတွေကိုပဲ ဝင်ထွက်ခွင့်ပြုထားသလို ပွဲစားက တန်ရာတန်ကြေးထက် အဆမတန် ဝန်ဆောင်ခပိုယူပြီး သံရုံးကိုနဲ့ နှစ်ဦးနှစ်ဖက် အဂတိကျူးလွန်နေကြတယ်လို့ အဲဒီနိုင်ငံမှာ ရောက်ရှိနေသူတွေဆီက သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူအေအီးနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပါဘူး။


