
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာတွေအနေနဲ့ ဒီဇင်ဘာ ၂ ရက်ကစပြီး ကြိုတင်မဲပေးနိုင်တယ်လို့ စစ်ကောင်စီသံရုံးတွေ ကနေ အသိပေးထားပါတယ်။
ကြိုတင်မဲပေးဖို့အတွက် ပုံစံ (၁၅) ဖြည့်ထားသူတွေအနေနဲ့ ဒီဇင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ မဲပေးနိုင်တယ်လို့ ယူအေအီးနိုင်ငံရှိ စစ်ကောင်စီသံရုံးက နိုဝင်ဘာ ၂၁ ရက် နေ့စွဲနဲ့ အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဘူဒါဘီမြို့က စစ်ကောင်စီသံရုံးမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ မဲရုံဖွင့်ထားမှာလို့လည်း အသိပေးထားပါတယ်။
ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးရမယ့်ရက်ကို အဲဒီသံရုံးက ကနဦး အသိပေးလာတာဖြစ်ပြီး တခြားနိုင်ငံတွေက စစ်ကောင်စီသံရုံးတချို့က ရက်သတ်မှတ်ကြေညာတာ မတွေ့ရသေးပါဘူး။
ယူအေအီးနိုင်ငံက စစ်ကောင်စီသံရုံးအနေနဲ့ ပုံစံ(၁၅) လျှောက်တာ လက်ခံချိန်ကတည်းက နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတွေကို ပုံစံ(၁၅) ဖောင် ဖြည့်တင်ပေးရမယ့် လူဦးရေခွဲတမ်း သတ်မှတ်ဖိအားပေး စေခိုင်းခဲ့တာရှိတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က ဆိုပါတယ်။
ယူအေအီးရောက် မြန်မာနိုင်ငံသားအချို့အနေနဲ့ မလွှဲသာလို့ ပုံစံ (၁၅) ဖြည့်လိုက်ရပေမဲ့ မဲပေးဖို့အတွက် ဆန္ဒရှိမနေဘူးလို့ ဒူဘိုင်းမှ မြန်မာအရေးလူပ်ရှားသူတယောက်က ပြောပါတယ်။
“စစ်အုပ်စုကို ထောက်ခံတဲ့လူတစုကလွဲရင် ကျန်တဲ့သူတွေက မဲပေးမှာမဟုတ်ဘူး။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုလို့ ပါဝင်ပတ်သက်ဖို့လည်း မရှိဘူး။”
စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်ကစပြီး လုပ်သွားဖို့ ကြေညာထားပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့ ဖိအားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စိတ်အားတက်ကြွခဲ့ကြပေမဲ့ စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲကိုတော့ စိတ်ဝင်စားမှု ရှိမနေတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


