
တောင်ကိုရီးယား ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ရိုင်းတဲ့အပြုအမူနဲ့ ခေါ်တာမျိုး မဖြစ်ရအောင် နာမည်ကတ်ပြား တပ်ပေးသွားမယ်လို့ စစ်ကောင်စီသံရုံးက အသိပေးထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အရင်က နိုင်ငံခြားသား အလုပ်သမားတွေကို နာမည်တပ်မခေါ်ဘဲ ‘ဟေး’ ‘မင်း’ ဆိုတာမျိုး ခေါ်ဝေါ်တာ ရိုင်းတဲ့အပြုအမူအသွင် ရောက်တဲ့အတွက် အသစ်ရောက်မယ့် မြန်မာလုပ်သားတွေ အင်ချွင်းလေဆိပ်ဆီ ဆိုက်ရောက်လာချိန်မှာ နာမည်ကတ်ပြားတွေ တပ်ဆင်သွားမယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီသံရုံးအနေနဲ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လေဆိပ်တာဝန်ကျသူတွေက ခေါ်ဝေါ်တာကို ရည်ညွန်းတာဖြစ်နိုင်ပြီး အခုလို နာမည်ကတ်ပြား တပ်လို့လည်း အလုပ်မဖြစ်နိုင်ဘူးလို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “အလုပ်သမားတွေအတွက် တခြားလုပ်စရာမရှိလို့ နေမှာပေါ့။ လူမျိုးချင်းမှ မတူတာ၊ အဆင်ပြေသလို ဆက်ဆံကြရတာပဲ။ ဒါက ပြဿနာမှမဟုတ်တာ။ အဲဒါတပ်တော့ရော သူတို့က ခေါ်မှာမို့လို့လား” လို့ ပြောပါတယ်။
မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ အလုပ်စေလွှတ်နေတာ ဆယ်စုနှစ်တစု ကျော်လာခဲ့ပြီး အခုမှ စိတ်ကူးပေါက်ပြီးလုပ်တဲ့ အစီအမံနဲ့ပတ်သက်လို့ အဲဒီနိုင်ငံရောက် လုပ်သားတွေက ပြက်ရယ်ပြုတာတွေလည်း ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံကို စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနအောက်မှာရှိတဲ့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က တာဝန်ယူပြီး အလုပ်စေလွှတ်နေတာ ဖြစ်ပါတယ်။
လက်ရှိ အဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၈၀,၀၀၀ နီးပါး ရောက်ရှိ လုပ်နေပြီး လစဥ်လည်း အလုပ်သမားရာနဲ့ချီ စေလွှတ်နေတယ်လို့ ထုတ်ပြန်ချက် မှတ်တမ်းတွေအရ သိရပါတယ်။


