Home
မြန်မာသတင်း
တက္ကသိုလ်ကျောင်းသား ၃၀,၀၀၀ ခန့်ထံမှ ကြိုတင်မဲရထားပြီဟု စစ်တပ်ဩဇာခံ ရွေးကော် ကြေညာ
DVB
·
November 22, 2025
Photo: MOI

တက္ကသိုလ် ကောလိပ်ကျောင်းသား ၃၀,၀၀၀ လောက်ဆီက ကြိုတင်မဲတွေရထားပြီလို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ အသက် ၁၈ နှစ်ပြည့်မယ့် မဲစာရင်းမှာပါပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေသွားတက်ကြမယ့် ကျောင်းသား၊ ကျောင်းသူတွေကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ ကြိုတင်မဲပေးခိုင်းထားတာပါ။

အဲဒီကာလအတွင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈,၃၃၉ ယောက် ကြိုတင်မဲပေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျောင်းသားကျောင်းသူတွေ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။ 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေကို စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ထွေအုပ်ဦးစီးကနေ ကြိုတင်မဲပေးဖို့ အတင်းအကျပ်ဖိအားပေးနေပြီး မဲမပေးတဲ့သူတွေကို ကျောင်းတက်ခွင့် နဲ့ ဘွဲ့ယူလို့မရအောင် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဘုတ်ပြင်းဒေသခံတယောက်က ပြောပါတယ်။

“မြို့ထဲမှာ ကိုယ်တိုင်သွားထည့်တဲ့သူ ပြောပြတယ်။ မဲမထည့်ဘူးဆိုရင် ထောက်ခံချက်တွေ မလုပ်ပေးဘူး။ ဘွဲ့လက်မှတ်တွေ မပေးဘူးဆိုပြီး ခြိမ်းခြောက်တယ်။ မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်ကြီးတွေကို ပြောတယ်၊ သူတို့ကတဆင့် ရွာကလူတွေကို ဖိအားပြန်ပေးတယ်။ ဘုတ်ပြင်းမြို့နယ်ကနေ တခြားတိုင်းဒေသ၊ မြို့နယ်မှာ ကျောင်းသွားတက်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသား ကျောင်းသားတွေကို စာရင်းယူထားပြီးတော့ ဖိအားပေးနေတာပါ။” 

ဒါ့အပြင် စစ်ကောင်စီက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကိုလည်း ကြိုတင်မဲပေးခိုင်းဖို့ ပြင်ဆင်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013