
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေကို စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ထွေအုပ်ဦးစီးကနေ နိုဝင်ဘာ ၁၈ ရက်မှာ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်ပြီး ကြိုတင်မဲပေးခိုင်းတယ်လို့ ဘုတ်ပြင်းဒေသခံတွေဆီက သိရပါတယ်။
ဘုတ်ပြင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူးကနေတဆင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ တက္ကသိုလ်ကျောင်းသား/သူတွေကို မြို့နယ်ထွေအုပ်ရုံးမှာ ကြိုတင်မဲပေးဖို့ အတင်းအကျပ်ဖိအားပေးနေပြီး မဲမပေးတဲ့သူတွေကို ကျောင်းတက်ခွင့် နဲ့ ဘွဲ့ယူလို့မရအောင် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဘုတ်ပြင်းဒေသခံတယောက်က ပြောပါတယ်။
“မြို့ထဲမှာ ကိုယ်တိုင်သွားထည့်တဲ့သူ ပြောပြတယ်။ မဲမထည့်ဘူးဆိုရင် ထောက်ခံချက်တွေ မလုပ်ပေးဘူး။ ဘွဲ့လက်မှတ်တွေ မပေးဘူးဆိုပြီး ခြိမ်းခြောက်တယ်။ မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်ကြီးတွေကို ပြောတယ်၊ သူတို့ကတဆင့် ရွာကလူတွေကို ဖိအားပြန်ပေးတယ်။ ဘုတ်ပြင်းမြို့နယ်ကနေ တခြားတိုင်းဒေသ၊ မြို့နယ်မှာ ကျောင်းသွားတက်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသား ကျောင်းသားတွေကို စာရင်းယူထားပြီးတော့ ဖိအားပေးနေတာပါ။”
တနင်္သာရီတိုင်းထဲက မြိတ်၊ ကော့သောင်း၊ ထားဝယ်မြို့နယ်တို့မှာတော့ တက္ကသိုလ်ကျောင်းသား/သူတွေကို အခုလို ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတာမျိုးတော့ မကြားမိသေးဘူးလို့ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတချို့ဆီက သိရပါတယ်။
လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ဥပဒေအရ မဲပေးပိုင်ခွင့်ရှိတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး တက္ကသိုလ်ကျောင်းသား/သူတွေကို မဲပေးခွင့်မဆုံးရှုံးစေရအောင် နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်မှာ ကြေညာထားပါတယ်။


