
ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက ရွေးကောက်ပွဲ ကြိုတင်မဲပေးဖို့ ရက်သတ်မှတ်ပြီး မဲလာပေးခိုင်းနေပေမဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားအများစုက စိတ်ဝင်စားမှုမရှိကြပါဘူး။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးဖို့ နှိုးဆော်နေရာမှာ ထိုင်းရောက် မြန်မာတွေကိုလည်း သံရုံးတွေ ကောက်စစ်ဝန်ရုံးတွေမှာ ကြိုတင်မဲလာထည့်ကြဖို့ တိုက်တွန်းနေပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ကောင်စစ်ဝန်ရုံးတည်ရှိတဲ့ ချင်းမိုင်မြို့မှာတော့ ဒီဇင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ကြိုတင်မဲထည့်ဖို့ မဲရုံပြင်ဆင်ပေးထားကြောင်း ကြေညာနေပါတယ်။
ချင်းမိုင်မှာရှိတဲ့ မြန်မာအများစုကတော့ မဲပေးဖို့ ကြေညာနေတာသိပေမဲ့ မဲသွားထည့်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံသားတယောက်က DVB ကို ပြောပါတယ်။
“ဒီချင်းမိုင်မှာ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ ကြိုတင်မဲလာပေးဖို့ ကောင်စစ်ဝန်ရုံးက ကြေညာနေတာ သိတယ်ရှင့်။ ကြိုတင်မဲပေးဖို့ စဉ်းစားထားလားဆိုရင်တော့ စဉ်းစားထားတာမရှိပါဘူး၊ စိတ်ဝင်စားမှုလည်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကို တရားမဝင်တဲ့ရွေးကောက်ပွဲ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲလို့ပဲ ညီမအနေနဲ့မြင်တယ်။ ဒီရွေးကောက်ပွဲက စစ်အာဏာရှင် စစ်နစ်ကို ပုံစံတမျိုးနဲ့ ဆက်လက်တည်မြဲအောင် လုပ်နေတဲ့ နည်းလမ်းတခုလို့ မြင်မိတဲ့အတွက်ကြောင့် မဲပေးဖို့လည်း စိတ်ကူးမရှိဘူး၊ စိတ်လည်းမဝင်စားပါဘူး။”
ကောင်စစ်ဝန်ရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ကြိုတင်မဲလာထည့်ကြတဲ့သူတွေကို ဓာတ်ပုံရိုက်ကာ ထုတ်ပြန်ကြေညာနေပြီး လူအနည်းစုသာ မဲလာပေးတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဒါ့အပြင် ဘန်ကောက်မြို့မှာလည်း ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက် (ပိတ်ရက်နှစ်ရက်) မှာ မဲရုံဖွင့်ပေးမှာဖြစ်ကြောင်း ကြိုတင်ကြေညာနေပါတယ်။
ဘန်ကောက်က မြန်မာတွေကလည်း ဖိအားတွေကြောင့် မဲသွားပေးရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်တာပြသ သလို ဖြစ်မှာလည်း စိုးရိမ်နေကြောင်း ဘန်ကောက်နေ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
“၂၀၁၅ တို့၊ ၂၀၂၀ ရွေးကောက်ပွဲတောင် ဒီထိုင်းနိုင်ငံက လူတွေက သေချာသိတာမဟုတ်ဘဲ ကန်ပိန်းတွေကြောင့်သာ မဲတွေ ပေးသိခဲ့ကြတာလေ။ သူ့ထောက်ခံတဲ့သူကတော့ သူ့ဘာသာသူ သွားပေးမှာပဲ။ သွားရင်လည်း သွားကြမှာပေါ့၊ ဒါက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို။ သူသတ်မှတ်ထားတဲ့ ရက်ကလည်း စနေ တနင်္ဂနွေဆိုတော့ သွားတဲ့သူကတော့ သိသိသာသာကြီး သိသာနေမှာပေါ့၊ အများစုကတော့ ထည့်မယ်လို့မထင်ပါဘူး။”
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိူး နဲ့ ရောက်ရှိနေကြတဲ့ မြန်မာအများစုကတော့ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည့်မရှိကြသလို စိတ်လည်း မဝင်စားကြပါဘူး။
ဘန်ကောက်ရောက်မြန်မာနိုင်ငံသားတယောက်က “တချို့တလေပေါ့ နည်းနည်းပါ ပြောတဲ့အသံတွေတော့ရှိတယ်။ ကျနော်တို့တော့ သံရုံးက ဆက်သွယ်လာတာတော့ မရှိသေးဘူး အခုထိတော့။ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို အမှန်တိုင်ပြောရရင် စိတ်မဝင်စား တော့ဘူးဗျ။ စစ်ကောင်စီက လုပ်တဲ့ဟာဆို ဒီဟာတွေပဲ ဒီပါတီတွေပဲ ဖြစ်နေတော့၊ ပြီးတော့ အခုဆို ကျနော်ဆိုလည်း ဘယ်ပါတီတွေ ပါလို့ပါမှန်းတောင် မသိဘူး။ အဲဒါကြောင့် အမှန်တိုင်းပြောရရင် စိတ်မဝင်စားတော့ဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ကို ထိုင်းနိုင်ငံအပြင် စင်ကာပူ၊ မကာအိုနဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှာ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်၊ မလေးရှားနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက်ကနေ ၈ ရက်အထိနဲ့ ရုရှားမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်တို့မှာ ကြိုတင်မဲပေးနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပြည်သူတွေကတော့ မဲမပေးကြဖို့ အချင်းချင်းတိုက်တွန်းနှိုးဆော်နေပေမဲ့ စစ်ကောင်စီကတော့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်သွားမှာလို့ ကြေညာထားပါတယ်။ ဝေဝေ


