
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ပြည်ပရောက်နေသူတွေရဲ့ ကြိုတင်မဲကို သံရုံးတချို့က ဒီဇင်ဘာ ၂ ရက်မှာ စတင်လက်ခံနေပြီး သွားရောက်မဲပေးသူ မရှိသလောက် နည်းပါးတယ်လို့ ပြည်ပရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
ပြည်ပနိုင်ငံတွေအနက် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့က စစ်ကောင်စီသံရုံးမှာ ကြိုတင်မဲပေးနိုင်မဲ့ မဲရုံကို စဖွင့်ထားတာဖြစ်ပြီး အဲဒီနိုင်ငံ ရောက်နေကြတဲ့ မြန်မာတွေကြားထဲ မဲပေးမဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုတာ မကြားရဘူးလို့ ဒူဘိုင်းမှာ အလုပ်လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“မဲရုံကို ဖွင့်မယ်ပဲ သိထားတာ။ ကိုယ်တိုင်လည်း မဲသွားမပေးတော့ ဘယ်လိုတွေလုပ်နေလဲ မသိဘူး။ အသိတွေထဲကလည်း မဲသွားပေးတဲ့သူရှိတယ်လို့ မကြားဘူး။”
စစ်ကောင်စီသံရုံး ဖွင့်ထားတဲ့ အဘူဒါဘီမြို့က Centro Capical တာဝါမှာ ကြိုတင်မဲပေးတဲ့ အခြေအနေနဲ့ပတ်သက်လို့ ထူးထူးခြားခြား သွားလာလှုပ်ရှားတာမျိုး မတွေ့ရဘူးလို့ အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့သူတွေဆီက သိရကြောင်း ယူအေအီးရောက် မြန်မာ့အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။
ယူအေအီးနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မြန်မာသံရုံး မရှိသေးတဲ့အတွက် မဲပေးချင်တဲ့သူတွေ အခက်အခဲဖြစ်ခဲ့ရပြီး မဲပေးခွင့်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရကာ အခု ရွေးကောက်ပွဲမှာ သံရုံးရှိလာပေမဲ့ စိတ်ဝင်တစား မရှိကြတော့ဘူးလို့ အဲဒီနိုင်ငံမှာ နှစ်ရှည်ရောက်ရှိနေသူတွေက ဆိုပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ကို ထိုင်း၊ စင်ကာပူ၊ မကာအိုနဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှာ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်၊ မလေးရှားနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက်ကနေ ၈ ရက်အထိနဲ့ ရုရှားမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်တို့မှာ ကြိုတင်မဲပေးနိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီသံရုံးတွေအနေနဲ့ ကြိုတင်မဲပေးခွင့်လျှောက်တာ စလက်ခံချိန်ကတည်းက လျှောက်ထားတဲ့သူနည်းလို့ နောက်ဆုံးလက်ခံမဲ့ရက်ကို အကြိမ်ကြိမ် ရွှေ့ခဲ့ရသလို ပြည်ပရောက်နေသူတချို့ကို အကျပ်ကိုင် လျှောက်ခိုင်းတာတွေ ရှိခဲ့တယ်လို့ ပြည်ပရောက် မြန်မာတွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာတော့ ဆန္ဒမဲလာပေးသူ တချို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခု ယူအေအီးနိုင်ငံမှာ ကြိုတင်မဲပေးတာကို စတင်လက်ခံနေသလို တခြားနိုင်ငံတွေမှာလည်း မဲပေးဖို့ သတ်မှတ်ရက် ကပ်လာချိန်အထိ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက စိတ်ဝင်စားမှု ရှိမနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် မဲပေးမှာ မဟုတ်ဘူးလို့ ပြည်ပရောက် ပြည်သူတချို့က ပြောထားတာရှိသလို နိုင်ငံရေးအင်အားစုတွေကလည်း မဲမပေးဖို့အတွက် လှုံ့ဆော်ထားကြပါတယ်။


