
တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးအနီးမှာ ပြုလုပ်နေတဲ့ ကြိုတင်မဲ ကန့်ကွက်ဆန္ဒပြပွဲ ရှိရာဆီ အလုပ်သမားသံအရာရှိ လာရောက်ခဲ့ပြီး မဲလာပေးသူမရှိတဲ့အကြောင်း ညည်းတွားပြောဆိုသွားတယ်လို့ အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးက ကြိုတင်မဲပေးတာ စတင်လက်ခံတဲ့ ဒီဇင်ဘာ ၆ ရက်မှာ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတချို့က သံရုံးရဲ့အနီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်နေတာပါ။
အဲဒီအချိန်မှာ စစ်ကောင်စီသံရုံးက အလုပ်သမားသံအရာရှိရောက်လာကာ မဲလာပေးသူမရှိဘူးလို့ အသိပေးပြောသွားတာဖြစ်ပြီး ဆန္ဒပြသူတွေက စစ်အုပ်စုအတွက် အလုပ်ဆက်မလုပ်ဖို့ ပြန်လည်ပြောဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တောင်ကိုရီးယားမှာ မြန်မာ့အရေး လှုပ်ရှားသူ ကိုကျော်စံက ပြောပါတယ်။
သံရုံးမှာ စနေ၊ တနင်္ဂနွေ လာရောက် မဲပေးကြဖို့ ကြိုတင်ကြေညာထားပေမဲ့ မဲလာမပေးကြဘဲ ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့တောင် လူမရှိလို့ စိတ်ပျက်နေတယ်လို့ စစ်ကောင်စီခန့် အလုပ်သမား သံအရာရှိက ပြောသွားကြောင်း ကိုကျော်စံကသူ့ရဲ့ လူမူကွန်ရက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီသံရုံးအနေနဲ့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်တို့မှာ မဲရုံဖွင့်ပြီးကြိုတင်မဲလက်ခံသွားမယ်လို့ ကြေညာထားသလို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီကလည်း အဲဒီရက်တွေမှာ ဆန္ဒပြသွားဖို့ ရှိနေပါတယ်။
အဲဒီစစ်ကောင်စီသံရုံးမှာ ဒီဇင်ဘာ ၆ ရက်က ကြိုတင်မဲသွားထည့်သူမရှိသလောက် ရှင်းလင်းနေတာတွေ့ရတယ်လို့ သံအနီးမှာရှိနေတဲ့ မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။
တောင်ကိုရီးယားမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ကြိုတင်မဲပေးခွင့်လက်ခံချိန်က မြန်မာနိုင်ငံသားတွေ အများအပြားသွားရောက်မဲပေးခဲ့ကြပြီး သံရုံးအနီးလူစုလူဝေးဖြစ်ခဲ့လို့ ရဲလုံခြုံရေးယူပေးခဲ့ရတာရှိသလို ရွေ့လျားသန့်စင်ခန်းတွေပါထားပေးခဲ့ရပါတယ်။
ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပွဲကို ဒီဇင်ဘာ ၆ ရက်မှာ တောင်ကိုရီးယား၊ ထိုင်းနဲ့ မလေးရှား စတဲ့နိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီသံရုံးတွေမှာ ပြုလုပ်နေတာမှာ မဲပေးသူ နည်းပါးခဲ့ပါတယ်။


