
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ တနှစ်ပြည့်တဲ့ ဒီဇင်ဘာ ၃ ရက်က ဆိုးလ်မြို့ အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့မှာ လူပေါင်း ၃၀,၀၀၀ ကျော် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ စစ်သားတွေ လွှတ်တော်ထဲကို ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး တနှစ်အကြာမှာ ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲအတွင်းမှာ ပါဝင်သူတွေက “ပုန်ကန်သူအင်အားစုများကို ဖျက်သိမ်းရေး” ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုခဲ့တဲ့ လူထုဆန္ဒပြပွဲတွေတုန်းက အသုံးပြုခဲ့တဲ့ မီးချောင်းတွေနဲ့ ဆင်တူတဲ့ မီးချောင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတယောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေး စီစဉ်ခဲ့သူတွေရဲ့ ပုန်ကန်မှုက ဒီလိုမျိုး မပြီးဆုံးသေးတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီလို ရာသီဥတုအေးနေတဲ့ကြားက လူအများကြီး ထွက်လာတာ တွေ့ရတော့ အားတက်မိပြီး ဒါဟာ သူ့လိုပဲ စိုးရိမ်ပူပန်သူတွေ အများကြီးရှိတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဖြုတ်ချခံသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို ထောက်ခံသူ ၁,၀၀၀ ကျော်ကလည်း ကွန်ဆာဗေးတစ် ပြည်သူ့စွမ်းအားပါတီ (PPP) ရုံးချုပ်ရှေ့မှာ သီးခြားစုဝေးခဲ့ကြပါတယ်။
သူတို့ဟာ စစ်အုပ်ချုပ်ရေး အကျပ်အတည်းကို အရင်က ငြင်းဆိုခဲ့တဲ့အတွက် တောင်းပန်ခဲ့တဲ့ PPP လွှတ်တော်အမတ်တချို့ကို ဝေဖန်ခဲ့ကြပြီး “PPP လွှတ်တော်အမတ်တွေ တောင်းပန်ရင် သေခြင်းတရားပဲ စောင့်နေတယ်” လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးဟာ တခြား အစိုးရအရာရှိဟောင်းတွေနဲ့အတူ ပုန်ကန်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ တရားခွင်ကို ရင်ဆိုင်နေရပါတယ်။
Source: Reuters


