
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးက မဲရုံဖွင့်မဲ့ရက်ကို ကြိုအသိပေးထုတ်ပြန်တာမရှိဘဲ ကြိုတင်မဲ လက်ခံခဲ့သလို တခြားနိုင်ငံတွေမှာရှိတဲ့ သံရုံးတွေမှာလည်း မဲပေးတဲ့ကိစ္စကို တက်သုတ်ရိုက် လုပ်ဆောင်နေတယ်လို့ ပြည်ပရောက်မြန်မာတွေဆီက သိရပါတယ်။
တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးအနေနဲ့ ကြိုတင်မဲပေးရမဲ့ရက်ကို အသိပေး ထုတ်ပြန်ခဲ့တာမရှိဘဲ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်တို့မှာ မဲရုံဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဂျပန်ရောက် မြန်မာတယောက်က “ဘယ်အချိန်လုပ်လိုက်မှန်း မသိလိုက်ကြဘူး။ မဲသွားထည့်မလို့တော့ မဟုတ်ဘူး။ ဘယ်လိုအခြေအနေရှိမလဲ သိချင်လို့ နားစွင့်နေတာ။ အခု မြင်ရသလောက်ဆိုရင် ပြည်သူတွေ စိတ်မဝင်စားဘူးဆိုတာ မြင်သာတယ်” လို့ ပြောပါတယ်။
မဲရုံဖွင့်မဲ့ရက်ကို တိုကျိုသံရုံးက အသိပေးတာ မရှိခဲ့ပေမဲ့ ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေ သက်တမ်းတိုးပေးဖို့ ကျန်နေတဲ့သူ အယောက် ၉၀၀ ကို စီမံချက်အနေနဲ့ လုပ်ပေးသွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့တာဟာ သံသယဖြစ်စရာရှိတယ်လို့ ဂျပန်ရောက် မြန်မာတချို့က ပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားမှာရှိတဲ့ စစ်ကောင်စီသံရုံးကလည်း ဒီဇင်ဘာ ၆ ရက်မှာ မဲရုံဖွင့်ပြီး ကြိုတင်မဲ လက်ခံသွားမယ်လို့ ၂ ရက်အလိုမှ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီသံရုံးတချို့က နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက ကြိုတင်မဲပေးရမဲ့ရက်ကို ကြေညာခဲ့ပေမဲ့ တောင်ကိုရီးယားမှာရှိတဲ့ သံရုံးကတော့ ရက်နီးကပ်လာမှ တက်သုတ်ရိုက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာတယောက်က “အရင်ကဆိုရင် ရက်တော်တော်ခြားပြီး ကြိုအသိပေးတာ။ အခုက အမြန်စီစဥ်တဲ့ပုံစံမျိုး တွေ့ရတယ်။ မြန်မာအလုပ်သမားတွေဆီက မဲသွားပေးမယ်ဆိုတဲ့ ပြောသံတော့ မကြားရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ ပြည်ပမှာ ကြိုတင်မဲပေးနေတဲ့ အခြေအနေကို ထုတ်ပြန် ဝါဒဖြန့်နေပြီး အဲဒီထုတ်ပြန်ချက်တွေမှာ တွေ့ရတဲ့ မြင်ကွင်းအရ သက်ဆိုင်ရာသံရုံးတွေရဲ့ မဲရုံတွေက ရှင်းလင်း၊ ခြောက်ကပ်နေသလို ကြိုတင်မဲလာထည့်တဲ့သူ အနည်းကျဥ်းလောက်ပဲ ရှိနေတာ မြင်တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံရေးအင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ထားသလို ပြည်တွင်း၊ ပြည်ပက ပြည်သူတွေကလည်း မဲမထည့်ဘဲ ဆန့်ကျင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။


