
အင်ဒိုနီးရှားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာ မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဒီဇင်ဘာ ၃ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်လို့ NUCC ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို အများပြည်သူ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေဖို့အတွက်ဆိုပြီး NUCC ရဲ့ သတင်းပြန်ကြားရေးနဲ့ လူထုဆက်ဆံရေး အလုပ်အဖွဲ့ကနေ ထုတ်ပြန်တာပါ။
အင်ဒိုနီးရှားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးကနေ အင်ဒိုနီးရှားနိုင်ငံမှာ လုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားချက်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်စွဲနဲ့ လက်ခံရရှိခဲ့ပြီးနောက် ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်၊ တခြားပါဝင်မယ့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို သေသေချာချာ သိရှိနိုင်ဖို့ ပြန်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ဖြေကြားချက်အရ ဖိတ်ကြားတာမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ လုံးဝ မပါတာသေချာမှပဲ NUCC အတွင်း ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်စားလှယ်စေလွှတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ‘အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေခြင်း’ အလုပ်ရုံဆွေးနွေးပွဲမှာ တခြား တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စားလှယ် ၂ ယောက် တက်ရောက်ခဲ့ပြီး စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ ဘယ်အခြေအနေမှာမှ တွေ့ဆုံတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အလုပ်ရုံဆွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးအဖွဲ့က မျှဝေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို လေ့လာခဲ့ကြပြီး ပါဝင်တက်ရောက်သူတွေအကြား လေ့လာတွေ့ရှိတာတွေအပေါ် အမြင်တွေ ဖလှယ်ဆွေးနွေးတာကိုပဲ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
NUCC အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆက်လက်ကိုင်စွဲရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ NUCC အဖွဲ့ဝင်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ယူရိုဘားမားရုံးက ဦးဟန်ညောင်ဝေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဖြစ်တဲ့ KNU၊ CNF၊ PNLO၊ PNFC တို့ တက်ရောက်ခဲ့ပြီး မြန်မာ စစ်ကောင်စီတပ်က ဗိုလ်ချုပ်စိုးနိုင်ဦး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


