
အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်တွေထဲက တခုဖြစ်တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၅၃ ယောက်ထက်မနည်း သေဆုံးပြီး ၅၀၄ ယောက် ပျောက်နေတယ်လို့ အစိုးရက ပြောပါတယ်။
မြောက်ဆူမာတြား၊ အနောက်ဆူမာတြားနဲ့ အာချေးပြည်နယ်တွေမှာ တံတားတွေ ပြိုကျတာ၊ လမ်းတွေ ရေတိုက်စားတာနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်တာတွေကြောင့် မြောက်ဆူမာတြားနဲ့ အာချေးပြည်နယ်တွေက လူမှုအသိုက်အဝန်း တခုလုံး အဆက်အသွယ် ပြတ်တောက်နေဆဲပါ။
လူပေါင်း ၃ ဒသမ ၃ သန်းနီးပါး ထိခိုက်ခဲ့ရပြီး ဆူမာတြားနဲ့ အာချေးမှာ လူ ၃ သိန်းနီးပါး အပါအဝင် စုစုပေါင်း လူ တသန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ပြောပါတယ် ။အိမ်ခြေ အနည်းဆုံး ၂၈,၀၀၀ လည်း ပျက်စီးခဲ့ပါတယ်။
အစိုးရက လမ်းတွေ၊ တံတားတွေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပြန်ထူထောင်ရေး ဆက်ကြိုးပမ်းနေချိန်မှာ ထိခိုက်ခံရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်နေတယ်လို့ အေဂျင်စီက ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒအေဂျင်စီ (BMKG) က ကျွမ်းကျင်သူတွေက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် ဆက်တိုက်မိုးသည်းလို့ ဘေးအန္တရာယ် ဖြစ်ခဲ့တာလို့ ပြောခဲ့တဲ့အကြောင်း BMKG ရဲ့ ကြိုတင်သတိပေးရေးနဲ့ ရာသီဥတုခန့်မှန်းရေးအဖွဲ့ အကြီးအကဲ အီဒါ ပရာမူဝါဒါနီက ဒီဇင်ဘာ ၁ ရက် စီစီတီဗီ သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
BMKG က ပြင်းထန်တဲ့ရာသီဥတုကို တုံ့ပြန်တဲ့အနေနဲ့ ရာသီဥတုခန့်မှန်းချက်တွေအတွက် နောက်ဆုံးသိရတဲ့ အခြေအနေကို တင်ပြတဲ့ အကြိမ်ရေကို မကြာသေးမီက တိုးမြှင့်ထားတယ်လို့လည်း ပရာမူဝါဒါနီက ပြောပါတယ်။
အေဂျင်စီဟာ လက်ရှိမှာ လာမယ့် ၆ နာရီကနေ နောက်လအထိ အချိန်ကာလအလိုက် အဆင့်အများကြီးပါတဲ့ ရာသီဥတုခန့်မှန်းချက်တွေကို ပေးဆောင်နေပါတယ်။
Source: Reuters


