
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၂၄ ယောက် သေဆုံးခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံမှာ အသက်ဆုံးရှုံးမှုများတဲ့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ သဘာဝဘေးအန္တရာယ် အရာရှိတယောက်က ပြောပါတယ်။
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတခုဟာ ဆူမားတြားကျွန်းကို ဖြတ်ကျော်တိုက်ခတ်ခဲ့တာကြောင့် မိုးသည်းထန်စွာရွာသွန်းကာ အနီးနားရှိ မလက္ကာရေလက်ကြားကို ရေလွှမ်းမိုးခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီက နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားမှာ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၄ ယောက် သေဆုံးပြီး ၅ ယောက် ပျောက်ဆုံးနေကြောင်း ပြည်နယ် ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ တာဝန်ရှိသူ ယူယွန် ကာဆိုနို က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ဒေသတွင်း တချို့နေရာတွေမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိတဲ့ နေရာတွေကနေ ဝေးဝေးနေကြဖို့ နိုင်ငံရဲ့ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက ပြည်သူတွေကို သတိပေးထားပါတယ်။
ဆီဘိုလ်ဂါ နဲ့ တာပါနူလီ အလယ်ပိုင်းဒေသတွေဟာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရကြောင်းလည်း ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ တာပါနူလီ အလယ်ပိုင်းဒေသက မိသားစုတစုလုံး ပါဝင်ကြောင်း အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
အေဂျင်စီမှ မျှဝေထားတဲ့ ဗီဒီယိုမှာ ဒေသတွင်း ရေကြီးရေလျှံမှုတွေက မြန်မြန်ဆန်ဆန်ပဲ မြင့်တက်လာပြီး အဆောက်အအုံတွေကို ပျက်စီးစေတာကို ပြသထားပါတယ်။
ရေကြီးရေလျှံမှုဟာ အနောက် ဆူမားတြားပြည်နယ်ကို သက်ရောက်မှုရှိကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီရဲ့ အဆိုအရ သိရပါတယ်။
ပြည်နယ်အတွင်း လဲကျနေတဲ့ သစ်ပင်တွေကြောင့် လမ်းတွေပိတ်ဆို့နေပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ရွှံ့နွံတွေအကြားမှာ မြေတူးစက်ကြီးတွေနဲ့ တူးဖော်နေကြောင်း ကွန်မ်ပတ်စ် TV သတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှား ရေကြီးမှုဟာ အရှေ့တောင်အာရှဒေသမှာ ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်တွေထဲမှ တခုဖြစ်ပါတယ်။ ထိုင်းနဲ့ မလေးရှားတို့မှာ ရေကြီးမှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ရပြီး ဆေးရုံတွေမှာလည်း ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


