
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၉ ခုမှာ ကျယ်ကျယ်ပြန့်ပြန့် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၃ ယောက် ရှိလာခဲ့ပြီး လူဦးရေ ၂ သန်းနီးပါး ထိခိုက်ခဲ့ရကြောင်း နိုင်ငံရဲ့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်ကတည်းက ရေမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုဟာ ဆူရတ်ဌာနီ၊ နခွန်စီထမ်မရတ်၊ ထရန်၊ ဖက်သလန်၊ ဆာတွန်၊ ဆုန်ခလာ၊ ပတ်တနီး၊ ယာလာနဲ့ နရထိုင်ဝပ် အပါအဝင် ခရိုင်တွေမှာ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေချိန်မှာ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့ ဒေသန္တရ အာဏာပိုင် တွေက မြေနိမ့်ပိုင်းဒေသတွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားပါတယ်။
နေ့လယ်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ပြန်လည်မြင့်တက်လာပြီးနောက်မှာ ဟတ်ယိုင်မြို့ရှိ အန္တရာယ်များတဲ့ နေရာအားလုံးအတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အမိန့်ကို နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဝိုက်ရာကူးလ်ဟာ ရေကြီးရေလျှံမှုကို ဖြေရှင်းဖို့ ဆုန်ခလာမှာ ရှေ့တန်းကွပ်ကဲရေးဌာန တခု တည်ထောင်ဖို့ ညွှန်ကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ် ထမ်မာနက် ပရွမ်ပေါင်ကလည်း ဝန်ထမ်းတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးအပ်ဖို့ အေဂျင်စီတွေကို ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် NBS ရုပ်သံလိုင်းက ထုတ်လွှင့်သွားပါတယ်။
Source: Reuters


