
ဆောင်းရာသီ မိုးရွာသွန်းမှုကြောင့် ဂါဇာကမ်းမြောင်က ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်ရာ ယာယီစခန်းတွေမှာ ရေလွှမ်းခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခအပြီး အလွန်ဆိုးရွားတဲ့ အခြေအနေတွေမှာ နေရတဲ့ မိသားစု ထောင်ပေါင်းများစွာရဲ့ ဒုက္ခတွေ ပိုဆိုးရွားစေခဲ့ပါတယ်။
သောကြာနေ့က ဂါဇာမှာ မိုးသည်းထန်ခဲ့ပြီး ရေကြီးလို့ ရွှေ့ပြောင်းနေထိုင်သူတွေ နေတဲ့ ယာယီတဲတွေထဲ ရေတွေ စိမ့်ဝင်ခဲ့တာပါ။
ဒါကြောင့် အိပ်ရာခင်းတွေနဲ့ ပိုင်ဆိုင်မှုတွေ စိုရွှဲလာပြီး စခန်းချရာနေရာတွေ တဝိုက်မှာ ညစ်ပတ်တဲ့ ရေကန်တွေ ကျန်ရစ်ခဲ့ပါတယ်။
ရက်ပေါင်းများစွာ အေးခဲပြီးတဲ့နောက် မိုးရွာသွန်းခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းတွေထဲက လူတွေဟာ ခါးသီးတဲ့ အပူချိန်၊ ရွှံ့နဲ့ ရေဆိုးတွေကို ထိတွေ့ခဲ့ရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ ပါလက်စတိုင်း တယောက်က “ပြောလို့မရအောင် ခက်ခဲတဲ့ ညတည ဖြစ်ခဲ့ပြီး တတ်နိုင်သမျှ ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ အဝတ်အစားတွေနဲ့ အိပ်ရာခင်းတွေအားလုံး စိုစွတ်နေပြီး နောက်ဆုံး ရေထဲမှာ အိပ်ခဲ့ရတယ်”လို့ ပြောပါတယ်။
မိုးသည်းလို့ သူတို့ရဲ့တဲတွေ ပြိုကျပြီးတဲ့နောက် မိသားစုများစွာဟာ ဟင်းလင်းပြင်မှာ အချိန် အကြာကြီးနေဖို့ အတင်းအကျပ်ခိုင်းစေခံခဲ့ရပါတယ်။
၂ နှစ်ကြာစစ်ပွဲအတွင်း အဓိက အခြေခံအဆောက်အအုံတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးယိုယွင်းလာလို့ အရေးပေါ်အဖွဲ့တွေအနေနဲ့ လိုအပ်နေသူတွေဆီ ရောက်ဖို့ ပိုခက်လာလို့ အခြေအနေက ပိုရှုပ်ထွေးလာပါတယ်။
နေရပ်စွန့်ခွာရသူ မိသားစုတွေက ခုဒုက္ခဟာ လာမယ့်ဆောင်းရာသီရဲ့ ပိုပြင်းထန်တဲ့ ဒုက္ခရဲ့ အစသာ ဖြစ်လိမ့်မယ်လို့ တွေးတော စိုးရိမ်နေကြတာပါ။
လောင်စာဆီနဲ့ စားစရာ ချက်ပြုတ်ဖို့ ဓာတ်ငွေ့တွေ အပြင်းအထန် ပြတ်လပ်နေပြီး သင့်လျော်တဲ့ အပူပေးစနစ်မရှိလို့ ယာယီတဲတွေမှာ နေထိုင်သူတွေဟာ လေပြင်းနဲ့ မိုးသည်းတဲ့ဒဏ်ကို ခံရနိုင်ခြေ ရှိနေပါတယ်။
Source: Reuters


