
အပစ်အခတ်ရပ်စဲခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကစပြီး အစ္စရေးက ဂါဇာရှိ အဆောက်အအုံ ၁,၅၀၀ ကျော် ဖျက်ဆီးခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။
ဂြိုဟ်တုရုပ်ပုံတွေကို ကြည့်ပြီး သတင်းထုတ်ပြန်ခဲ့တာဖြစ်သလို နိုဝင်ဘာ ၈ ရက်နေ့က နောက်ဆုံး ဓာတ်ပုံတွေကို ရယူခဲ့တာ ဖြစ်ပါတယ်။
အမှန်တကယ် ဖျက်ဆီးခဲ့တဲ့ အဆောက်အအုံ အရေအတွက်က ပိုပြီးများနိုင်တယ်လို့ ဖော်ပြပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ အဝါရောင်လိုင်းနောက်က အဆောက်အအုံတွေ ဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။
အဝါရောင်လိုင်းဟာ မြောက်၊ တောင်နဲ့ ဂါဇာအရှေ့တလျှောက် သတ်မှတ်ထားပြီး အစ္စရေးစစ်တပ်က အဲဒီလိုင်းအပြင်ဘက်မှာသာ တပ်စွဲထားတာ ဖြစ်ပါတယ်။
ဒီလို အဝါရောင်လိုင်းနောက်မှာ တပ်စွဲဖို့ အောက်တိုဘာလ အပစ်အခတ်သဘောတူညီမှုမှာ သဘောတူခဲ့တာဖြစ်ပြီး အဝါရောင်လိုင်း ရေးဆွဲထားတဲ့ မြေပုံကို အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“သဘောတူညီချက်အရ လိုဏ်ခေါင်းတွေ အပါအဝင် အကြမ်းဖက်တွေရဲ့ အဆောက်အအုံတွေ အားလုံး ဖျက်ဆီးမှာပါ။ အစ္စရေးက ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနဲ့ အကြမ်းဖက် အဆောက်အအုံတွေကို ပြန်ပြီး လက်တုံ့ပြန်တာပါ” လို့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သမ္မတ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးအချက် ၁၃ ချက်မှာ စစ်သွေးကြွ၊ အကြမ်းဖက်၊ အကြမ်းဖက်အဆောက်အအုံ၊ လိုဏ်ခေါင်း၊ လက်နက်ထုတ်လုပ်ရာပစ္စည်းတွေ ဖျက်ဆီးဖို့နဲ့ ပြန်တည်ဆောက်တာမျိုး မလုပ်ဖို့ ပါဝင်ပါတယ်။


