
အစ္စရေးဘာသာရေးကျောင်းသားတွေ စစ်မှုထမ်းကင်းလွတ်ခွင့် ဆက်လက်ရရှိဖို့ ဂျေရုစလင်မြို့မှာ အောက်တိုဘာ ၃၀ ရက်က ဟာရဒီဂျူး သိန်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
ဘာသာရေး အလွန်တင်းကျပ်ပြီး ဂျူးဥပဒေနဲ့ ရိုးရာဓလေ့တွေကို လိုက်နာတဲ့ ဟာရဒီ ဂျူးတွေကို Ultra-Orthodox ဂျူးတွေလို့လည်း သုံးနှုန်းကြပါတယ်။
Ultra-Orthodox ကျမ်းစာသင်ကျောင်းသားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ပေးတဲ့ အစဉ်အလာကို အစ္စရေးအစိုးရက ဥပဒကြောင်းအရရော၊ နိုင်ငံရေးအရပါ အဆုံးသတ်ဖို့ ကြိုးစားလာချိန်မှာ အခုလို ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကြောင့် ဂျေရုစလင်မြို့အဝင် အဓိကလမ်းမကြီးတွေ အပါအဝင် လမ်းတွေ ပိတ်ဆို့ခဲ့ပြီး ဟာရဒီဂျူးတွေကတော့ သူတို့အနေနဲ့ ဘာသာရေးကျမ်းစာသင်ကြားမှုနဲ့ ဆုတောင်းမှုတွေကတဆင့် နိုင်ငံကို အကာအကွယ်ပေးနေတယ်လို့ ဆိုပါတယ်။
အစ္စရေးက ဂါဇာနဲ့ လက်ဘနွန်မှာ ထိုးစစ်ဆင်ခဲ့ချိန်မှာ ဒီလူတွေ စစ်မှုထမ်းကင်းလွတ်ခွင့် ရနေတဲ့အပေါ် လူထုမကျေနပ်မှု မြင့်တက်လာခဲ့ပါတယ်။
အစ္စရေးမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဂျူးအများစုဟာ ယောက်ျား၊ မိန်းမ မခွဲဘဲ စစ်မှုထမ်းဖို့ လိုအပ်ပါတယ်။
ultra-Orthodox ဂျူးအမျိုးသားတွေကိုပါ စစ်မှုထမ်း စုဆောင်းရမယ်လို့ တရားရုံးချုပ်က မနှစ်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်က ဟာရဒီ လူငယ်အမျိုးသား ၈၀,၀၀၀ ကို စစ်မှုထမ်းဖို့ အကြောင်းကြားစာတွေ ပို့ခဲ့ပေမဲ့ အများစုက လာရောက်သတင်းပို့ခြင်း မရှိပါဘူး။
ဒီလို စစ်မှုထမ်းတာဝန်ကို ရှောင်တိမ်းသူတချို့ ဖမ်းဆီးခံခဲ့ရတာကြောင့် မကျေနပ်မှုတွေ ပိုမိုကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။




