Home
နိုင်ငံတကာ
ဓာတုစက်ရုံကြောင့် ညစ်ညမ်းမှု ပိုဆိုးရွားလာသဖြင့် တူနီးရှားမြို့တော်၌ ဆန္ဒပြ
DVB
·
October 27, 2025
Photo: REUTERS/Jihed Abidellaoui

တူနီးရှားနိုင်ငံတောင်ပိုင်း ဂါးဘက်စ်မြို့ရှိ အစိုးရ ဓာတုဗေဒစက်ရုံမှာ ဖြစ်ပေါ်နေတဲ့ ညစ်ညမ်းမှုကြောင့် ပြင်းထန်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာအပေါ် စတင်ကန့်ကွက်မှုတွေဟာ တခြားမြို့တွေကိုပါ ပျံ့နှံ့လာပြီး အောက်တိုဘာ ၂၅ ရက်မှာ တူနီးရှားနိုင်ငံသား ရာပေါင်းများစွာဟာ မြို့တော်တူးနစ်စ်မှာ စုရုံးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တူနီးရှား ဆန္ဒပြသူတွေဟာ ဂါးဘက်စ်မြို့ခံတွေနဲ့အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသတဲ့အနေနဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေတဲ့ စက်မှုလုပ်ငန်းယူနစ်တွေကို ဖျက်သိမ်းပေးဖို့ဖြစ်ပြီး ဘာညှိနှိုင်းမှုကိုမှ လက်မခံကြောင်း ပြောပါတယ်။ 

တူနီးရှား တက်ကြွလှုပ်ရှားသူ ဟာနီဘန်ဖရဂ်က “ဂါးဘက်စ်တဝန်းမှာ လူတွေ ဆန္ဒပြနေချိန်မှာ ဓာတုဗေဒစက်ရုံကလည်း ဒေသခံတွေအပေါ် အဆိပ်တွေ ပက်ဖျန်းနေဆဲဖြစ်ပြီး လူတွေကို ဆက်ပြီးသတ်ဖြတ်နေဆဲပါ”လို့ ပြောပါတယ်။

ဖော့စဖိတ်ကို ဖော့စ်ဖောရစ်အက်ဆစ်နဲ့ ဓာတ်မြေဩဇာအဖြစ် ပြောင်းလဲပေးတဲ့ စက်ရုံတရုံက အဆိပ်သင့် မီးခိုးတွေကြောင့် ကျောင်းသားကလေး ဒါဇင်ပေါင်းများစွာ အသက်ရှူရခက်ခဲတဲ့ ဝေဒနာတွေ ခံစားခဲ့ရပြီးနောက်မှာ ဒီလထဲမှာပဲ ဂါးဘက်စ်မြို့က အခုနောက်ဆုံး ဆန္ဒပြပွဲတွေ စတင်ခဲ့တာပါ။

ဂါးဘက်စ်မြို့ခံတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အရိုးပွရောဂါနဲ့ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာကြောင်း သတင်းပို့ခဲ့ကြပြီး ဒါတွေဟာ တန်ချိန် ထောင်ပေါင်းများစွာသော အညစ်အကြေးတွေကို ပင်လယ်ထဲကို နေ့စဉ် စွန့်ပစ်နေကြတဲ့ အစိုးရဓာတုအဖွဲ့ရဲ့ ဖော့စဖိတ်စက်ရုံတွေကနေ ထွက်ရှိနေတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့် ဖြစ်ရတာလို့ ယူဆကြပါတယ်။ 

ဒီဆန္ဒပြပွဲဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ အများပြည်သူ ဝန်ဆောင်မှု အခြေအနေ ဆိုးရွားလာမှုအပေါ် လူထုရဲ့ စိတ်ပျက်မှုကို ပိုမိုဆိုးရွားလာစေတဲ့ ဆန္ဒပြပွဲတွေထဲက နောက်ဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူပြီးနောက်ပိုင်း သမ္မတ ကိုက်စ်ဆာအိဒ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုကို "ဖိနှိပ်မှု" လို့ ခေါ်ဆိုခဲ့ကြပြီး အစိုးရကတော့ အကြမ်းဖက်မှု ကျုးလွန်သူတွေကို ဖမ်းဆီးတာဖြစ်ကြောင်း ပြောဆိုပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024