Home
မြန်မာသတင်း
ရွေးကောက်ပွဲကာလ စစ်မှုထမ်းခေါ်ယူမှု ဆိုင်းငံ့ရန် တင်ပြမှု စစ်ခေါင်းဆောင် လက်မခံ
DVB
·
October 26, 2025

လာမယ့် ရွေးကောက်ပွဲကာလမှာ စစ်မှုထမ်းခေါ်ယူမှုတွေ ယာယီဆိုင်းငံ့ထားဖို့ တင်ပြတာကို အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မခံဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက နေပြည်တော်မှာလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက် ဆွေးနွေးသူတွေက အဲဒီကိစ္စ တင်ပြဆွေးနွေးတာတွေ လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီကိစ္စ ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဒေါက်တာညိုညိုသင်းက “ပွင့်ပွင့်လင်းလင်းပြောရရင် ဘာကြောင့် လက်မခံတာလဲဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ လက်တွေ့ မြင်နေရတဲ့ အခင်းအကျင်းကတော့ အရင်ကထက် နည်းနည်း စနစ်တကျ ပိုလုပ်လာတာ တွေ့ရပါတယ်။ အရင်က ပိုက်ဆံကောက်နေတဲ့နေရာတွေ ခဏရပ်သွားတာ တွေ့ရသလို အရင်က မကောက်တဲ့နေရာတွေက အခုကောက်နေတာလည်း တွေ့ရတယ်။ စနစ်တကျဖြစ်ဖို့ လုပ်ရင်းလုပ်ရင်းနဲ့ စနစ်တကျဖြစ်တဲ့ နေရာတွေ တွေ့ရသလို စနစ်တကျမဖြစ်တဲ့နေရာတွေလည်း တွေ့နေရတာပါပဲ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်တုန်းက စစ်မှုတမ်းခေါ်ယူတာ ဆိုင်းငံ့ဖို့ ဆွေးနွေးခဲ့တာဖြစ်ပြီး ရေတို ရေရှည် ဆောင်ရွက်ရမယ့် အကြံပြုချက်တွေထဲ ထည့်သွင်းကာ စစ်ခေါင်းဆောင်ထံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)  ဘက်က တင်ပြခဲ့တာလို့ သိရပါတယ်။

အဲဒီလို တင်ပြခဲ့ပေမယ့် စစ်ခေါင်းဆောင်က လက်မခံဘဲ စစ်မှုထမ်းခေါ်ယူတာကို ဆက်လက် လုပ်ဆောင်မှာဖြစ်တဲ့အပြင် လက်ရှိမှာလည်း ခေါ်ယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်မှုထမ်းခေါ်ယူတာ အပတ်စဉ် ၁၈ အထိရှိလာပြီး တချို့ စစ်မှုထမ်းသက်ပြည့်သူတွေကို ရာထူးဗန်းပြ မက်လုံးပေးပြီး ဆွဲဆောင်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းလိုက်ဖို့ လူစားထိုးခေါ်ယူတာတွေလည်း လုပ်ဆောင်နေဆဲဖြစ်လို့ တချို့ဒေသတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်သူတွေ ရှိတဲ့ အိမ်ထောင်စုတွေဟာ အပတ်စဉ် ငွေကြေးထည့်ဝင်ရတာတွေ ရှိနေတုန်းပဲလို့လည်း သိရပါတယ်။

အပတ်စဉ် စစ်မှုထမ်းအတွက် လူစားထိုးခေါ်ယူခ ငွေကြေးပေးနေရတဲ့ မြောင်းမြဒေသခံက  “အခု သိန်း ၂၀၀ ပေါက်နေပြီ။ လူစားထိုးမယ့် တယောက်ကို။ တစ်အိမ် ၂ သိန်းကနေ ၄ သိန်းလောက်အထိ ထည့်ရတယ်။ တချို့အိမ်တွေဆို ၃/၄ ယောက်လောက်ရှိတော့ သေပြီပေါ့”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်အများစုမှာ စစ်မှုထမ်း စတင်ခေါ်ယူကတည်းက မိမိရွာအတွက် လူစားထိုးတာ၊ တခြားရွာအတွက် ရောင်းစားတာတွေ ရှိနေတာဖြစ်ပြီး အဲဒီကိစ္စတွေအတွက် စစ်အုပ်စုဘက်က အရေးယူတာ မရှိတဲ့အပြင် ဒေသအာဏာပိုင် အဖွဲ့တွေက အချိုးကျခွဲဝေယူပြီး အကြပ်ကိုင် ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013