Home
မြန်မာသတင်း
သက်တမ်းပြည့်မည့် စစ်မှုထမ်း ၂,၀၀၀ ခန့်ကို တဆင့်မြင့် ရာထူးတိုးပေးပြီး စည်းရုံး
DVB
·
October 24, 2025

စစ်မှုထမ်းသက်တမ်း ၂ နှစ်ပြည့်တော့မယ့် “ပစ” လို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်း ၂,၀၀၀ နီးပါးကို စစ်ခေါင်းဆောင်တွေက တဆင့်မြင့်ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးပြီး အမြဲတမ်း စစ်မှုထမ်းခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

၂၀၂၆ ခုနှစ် မတ်လနဲ့ ဧပြီလမှာ စစ်မှုထမ်းသက်တမ်း ၂ နှစ်ပြည့်မယ့် အပတ်စဥ် ၁ နဲ့ အပတ်စဥ် ၂ က တပ်သားသစ် ၂,၀၀၀ နီးပါးကို တိုက်ခိုက်ရေးတပ်ရင်းတွေက ပြီးခဲ့တဲ့လတွေက တဆင့်မြင့်ရာထူး ဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးတာလို့ လှည်းကူးမြို့ခံ မိခင်တယောက်က ပြောပါတယ်။

“မလွှဲမရှောင်သာလို့ စစ်မှုထမ်းရပေမဲ့ တသက်လုံး ကိုယ့်သားသမီးကို ဘယ်သူကမှ စစ်တပ်ထဲမှာ မထားချင်ဘူး။ စက်တင်ဘာလက တပ်မ ၁၁ က ကျမသားကို ဒုတပ်ကြပ်တိုးပေးတယ်။ မိဘတွေလည်း အကြောင်းကြားတယ်။ သဘောက ရာထူးတိုးပေးလိုက်ရင် ကျမတို့က အမြဲတမ်း စစ်မှုထမ်းခိုင်းမယ် ထင်တာ။ လက်မခံဘူး ၂ နှစ်ပြည့်ရင် ပြန်ခေါ်ပြီး တခြားအလုပ် လုပ်ခိုင်းမှာ။”

၂၀၂၅ ဧပြီလမှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၂ တက်ရောက်ခဲ့သူတွေထဲက တိုက်ခိုက်ရေးတပ်မှာ ရောက်နေသူ တပ်သားသစ် ၂၀၀ နီးပါးကို တပ်ရင်းမှူးတွေက ပြီးခဲ့တဲ့လတွေက ဒုတပ်ကြပ်အဆင့် တိုးပေးခဲ့ပြီးနောက် အမြဲတမ်း စစ်မှုထမ်းရမယ့်အရေးကို စိုးရိမ်လာတာလို့ မင်္ဂလာဒုံမြို့က ဖခင်တယောက်က ပြောပါတယ်။

“ဒုတပ်ကြပ်မကလို့ ဗိုလ်ကြီးအဆင့် တိုးပေးလည်း ကျနော့်သားကို တပ်ထဲမှာ ဆက်မထားဘူး။ ဖမ်းမယ် ဆီးမယ် ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင်ပြီး စစ်ထဲကိုခေါ်သွားတာ။ မသေလို့ ကျန်တဲ့ကလေးတွေကို ထပ်ပြီး မနှိပ်စက်ပါနဲ့။ တကယ်လို့ ၂ နှစ်ပြည့်လို့မှ ကလေးတွေကို တပ်ကထွက်ခွင့်မပေးရင် မိဘတွေစုပြီး လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။”

ရာထူးတိုးပေးခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေမှာ ရှေ့တန်းရောက်နေတဲ့ တိုက်ခိုက်ရေးတပ်က အများဆုံးဖြစ်ပြီး အပတ်စဥ် ၁ ကနေ အပတ်စဥ် ၁၄ အထိ တပ်သားသစ်ဦးရေ ၁,၈၂၀ ရှိတယ်လို့ မှတ်တမ်းရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဒုတပ်ကြပ်တိုးပေးတာ အပတ်စဥ် ၁ ကနေ အပတ်စဥ် ၇ အထိ တပ်သားသစ် ရာနဲ့ချီရှိတယ်။ အပတ်စဥ် ၈ ကနေ အပတ်စဥ် ၁၄ အထိက ဆယ်ဂဏန်းပဲရှိတယ်။ လက်ရုံးတပ်မပါဘူး။ စိတ်ဓာတ်စစ်ဆင်ရေးအရ လုပ်ပေမဲ့ နားလည်တဲ့မိဘတွေက ဒါကို လက်မခံဘူး။ ကန့်ကွက်စာတင်တဲ့သူတွေ ရှိတယ်။ သက်တမ်း ၂ နှစ်ပြည့်ရင် တပ်နဲ့ မိဘတွေ ဘယ်လိုရှင်းကြမလဲ မသိဘူး။”

၁၀၂၇ စစ်ဆင်ရေးမှာ အထိနာခဲ့တဲ့ စစ်ခေါင်းဆောင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နိုင်ငံတဝန်းက လူငယ်တွေကို နည်းမျိုးစုံနဲ့ ခေါ်ယူကာ မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို စခဲ့တာပါ။

စစ်မှုထမ်းအပတ်စဥ် ၁ ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့် သင်တန်းကျောင်း ၁၄ ကျောင်းမှာ ဧပြီ ၈ ရက်က သင်တန်းပေးခဲ့ပြီး ဇွန် ၂၈ ရက်မှာ သင်တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်သူတွေရှိပေမဲ့ ထိရောက်မှုနည်းတာကြောင့် အခုဆို စစ်မှုထမ်းအပတ်စဥ် ၁၉ အတွက် သင်တန်းကျောင်း ၂၄ ကျောင်းမှာ စစ်ကောင်စီက သင်တန်းပေးဖို့ လူသစ်စုဆောင်းနေပြီ ဖြစ်ပါတယ်။

အမျိုးသားတွေနည်းတူ အမျိုးသမီး စစ်မှုထမ်း အပတ်စဥ် ၁ ကို မှော်ဘီမြို့နယ် အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ ဖွင့်လှစ်နေတယ်လို့ Myanmar Defense & Security Institute - MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပေမဲ့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013