
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကတဆင့် နေရပ်ပြန်ပို့ခံရတဲ့ အယောက် ၉၀ ထဲက ၇ မိုင်ရွာအခြေစိုက် ခမရ ၄၃၁ တပ်ထဲ ပါသွားပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အခုလာမယ့် အောက်တိုဘာ ၁၆ ရက်မှာ စစ်မှုထမ်းပို့ဆောင်မှာဖြစ်တယ်လို့ ကော့သောင်းဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၉ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်က နေရပ်ပြန်ပို့ခံရတဲ့ အယောက် ၉၀ ထဲက စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကို ကော့သောင်းမြို့နယ်၊ ၇ မိုင်ကျေးရွာ အခြေစိုက် ခမရ ၄၃၁ တပ်ထဲကို ခေါ်ဆောင်သွားပြီးနောက် အခုလာမယ့် အောက်တိုဘာ ၁၆ ရက်မှာ စစ်မှုထမ်းစေလွှတ်မှာ ဖြစ်တယ်လို့ စစ်တပ်အတွင်းသတင်းကနေ သိရကြောင်း ကော့သောင်းဒေသခံတယောက်က ပြောပါတယ်။
“ကော့သောင်းရောက်တာနဲ့ မိုးလုံလေလုံ အားကစားရုံကို ခေါ်သွားပြီးတော့ အဲဒီမှာ သူတို့က ပိုက်ဆံနဲ့ရွေးမယ့်သူ ရှိလား၊ မရှိရင် ကားပေါ်တက်ခိုင်းတယ်။ တပ်ထဲမှာထားတယ်၊ အပြင်မထွက်ခိုင်းဘူး။ ၁၆ ရက်နေ့ကျရင် ရောဂါတွေရှိမရှိ စစ်ဆေးမယ်။ မရှိတဲ့သူတွေကို ခေါ်သွားမယ်။ ရှိတဲ့သူတွေတော့ ချန်ခဲ့မယ်တဲ့။ ပိုက်ဆံနဲ့ရွေးရမယ်ပေါ့။”
နေရပ်ပြန်ပို့ခံရတဲ့သူ ၉၀ ထဲမှာ အမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက် ပါဝင်ပြီး ကော့သောင်းမြို့ လှေဆိပ်ကို ပို့ဆောင်ပြီးနောက် မိုးလုံလေလုံ အားကစားရုံမှာ ထိန်းသိမ်းပြီးမှ အသက်ကြီးပိုင်းတွေနဲ့ အမျိုးသမီးတွေကလွဲလို့ ကျန်တဲ့သူတွေကို စစ်ကောင်စီတပ်ကကားနဲ့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မိန်းကလေးတွေကျတော့ ပိုက်ဆံနဲ့ထုတ်ရတယ်၊ နည်းတယ်၊ ဘတ် ၄,၀၀၀ လောက်ပဲ ထုတ်ရတယ်။ မိန်းကလေးတွေတော့ ပါမှာမဟုတ်ဘူး။ ယောကျ်ားလေးတွေပဲ ပါသွားတယ်။ အသက်ကြီးပိုင်းကျတော့ ထားခဲ့တယ်။”
အဆိုပါ စစ်သားသစ်စုဆောင်းခံရတဲ့သူတွေကို တနင်္သာရီတိုင်းထဲက မြိတ်နဲ့ ထားဝယ်ခရိုင်အတွင်းရှိ တပ်သားသစ် လေ့ကျင့်ရေးကျောင်းတွေကို စေလွှတ်မယ်လို့ သိထားရတယ်၊ ဘယ်နှဦးပါမယ် ဆိုတာကိုတော့ မသိရဘူးလို့ ပြောပါတယ်။
အလားတူ နေရပ်ပြန်ပို့ခံရပြီးမှ စစ်မှုထမ်း စုဆောင်းခံလိုက်ရတဲ့သူတွေဟာ လေ့ကျင့်ရေးသင်တန်းကာလ မပြည့်မြောက်ဘဲ ရှေ့တန်းစစ်မျက်နှာပြင်တွေကို စေလွှတ်ခံရတယ်လို့ သိရပြီး အသက်သေဆုံးခဲ့ရတဲ့သူတွေ အများအပြား ရှိနိုင်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။




