Home
နိုင်ငံတကာ
ထိုင်းတွင် ဂက်စ်အိုးပေါက်ကွဲသဖြင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရ၊ နေအိမ်နှင့် ယာဉ်များ ပျက်စီး 
DVB
·
October 13, 2025
Photo: Khaosod

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး၊ ပထုန်ဌာနီခရိုင်ထဲမှာ အောက်တိုဘာ ၁၁ ရက် မနက်က မီးဖိုချောင်သုံး ဂက်စ်အိုး ပေါက်ကွဲပြီး လူနေအိမ် ၃၃ လုံး၊ ယာဉ် ၁၀ စီး ပျက်စီးကာ သေဆုံးသူတယောက်နဲ့ ဒဏ်ရာရသူ ၈ ယောက်ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၁ ရက် မနက် ၇ နာရီလောက်က ဘန့်ချန်ရပ်ကွက် နယ်မြေ ၂ ရှိ ဖနားဆွန်ထိမင်းအိမ်ရာမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရလို့ မီးသတ်ဌာန ကယ်ဆယ်‌ရေးအဖွဲ့တွေ အကြောင်းကြားပြီး သွားရောက်စစ်ဆေးခဲ့တယ်လို့ ပထုန်ဌာနီမြို့နယ် ရဲစခန်း တာဝန်ကျစခန်းမှူး ရဲမှူးကြီး ဝိဝပ်အဆဝဖိဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။

အိမ်နံပါတ် ၁၂၉ ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြားကာ မီးလောင်ခဲ့တယ်၊ အဆိုပါအိမ်မှာ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူက ဝရန်တာကနေ ခုန်ဆင်းလို့ ဒဏ်ရာအနည်းငယ်ရပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်၊ မိခင်ဖြစ်သူ အသက် ၆၄ နှစ်ရွယ် နန်းဖစ်ကမွန်းကတော့ အိမ်ထဲမှာပဲ ပိတ်မိပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အိမ်ရှင် နန်းဖစ်ကမွန်းမှာ ဈေးထဲမှာ ထမင်းထုပ် ဟင်းထုပ် ရောင်းချဖို့အတွက် မနက်စောစော ထပြီး ချက်ပြုတ်တယ်၊ သူတို့အိမ်မီးဖိုခန်းက တိုက်ခန်းအတွင်းပိုင်း လေလုံပြီး ဂက်စ်အိုးယိုစိမ့်မှု ဖြစ်ကာ ပေါက်ကွဲမှုဖြစ်တယ်လို့ ယူဆတယ်၊ မီးငြိမ်းတဲ့နောက် အိမ်ထဲစစ်ဆေးရာမှာ အဆိုပါဂက်စ်အိုးဟာ လုံးဝ အစအနမကျန် ပျက်စီးသွားပြီလို့ ဆိုပါတယ်။

ပေါက်ကွဲမှုဟာ လွန်စွာပြင်းထန်တာကြောင့် နေအိမ် ၃၃ လုံး ပျက်စီးတယ်၊ ဆိုင်ကယ်နဲ့ ကား စုစုပေါင်း ၁၀ စီး ပျက်စီးကာ သေဆုံးသူတယောက်နဲ့ ဒဏ်ရာရသူ ၈ ယောက်ရှိတယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။

ThaiPBS သတင်းမှာတော့ ပေါက်ကွဲမှုစဖြစ်တဲ့ အိမ်နဲ့ အနီးကပ်ဆုံး နေအိမ် ၆ လုံး လုံးဝပျက်စီးပြီး ကျန်တဲ့အိမ် ၂၇ လုံးကတော့ တုန်ခါမှုကြောင့် မျက်နှာကျက်ပြိုကျတာ၊ အိမ်နံရံကွဲအက်တာ၊ ပြတင်းမှန်တွေ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကား ၄ စီး၊ ဆိုင်ကယ် ၃ စီး လုံးဝပျက်စီးသွားကာ အိုးအိမ်မဲ့ဘဝ ရောက်သွားသူတွေအတွက် သက်ဆိုင်ရာက အရေးပေါ်ကယ်ဆယ်ရေးနေရာ ဆောက်ထားပြီး နေရာချထားပေးတယ်၊ ဒါမှမဟုတ် အိမ်ငှားနေလိုက တလကို ဘတ် ၁,၈၀၀ ထက်မပို၊ ၂ လစာ ထောက်ပံ့ပေးမယ်၊ ပျက်စီးသွားတဲ့အိမ်တွေအတွက် ပြန်လည်ပြုပြင်စရိတ် တအိမ်ကို ၄၉,၅၀၀ ဘတ် ထောက်ပံ့မယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Source: Khaosod News / ThaiPBS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013