Home
မြန်မာသတင်း
စော်ဘွားကြီးကုန်း အာလိန်ငါးဆင့်ရှေ့ကတည်းခိုခန်း မီးလောင်
DVB
·
October 11, 2025
558893549_1132897719021993_5966555097268708097_n

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လမ်းသစ်လမ်းမှာ အောက်တိုဘာ ၁၁ ရက်နေ့ ဒီကနေ့ ညဦးပိုင်းအချိန်က တည်းခိုခန်းတခု မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အာလိန်ငါးဆင့်ဘုရားရှေ့က မြင့်မိုရ်တည်းခိုခန်းဖြစ်ပြီး ည ၇ နာရီ ၂၅ မိနစ်မှာ မီး စလောင်ခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကို Level 1 အဆင့် ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၈ နာရီဝန်းကျင်မှာ မီးထိန်းနိုင်တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးလောင်ခဲ့တဲ့ တည်းခိုခန်းနားမှာ စက်သုံးဆီအရောင်းဆိုင်နဲ့ ဘဏ်တွေလည်းရှိနေပေမယ့် ခြံဝန်းကျယ်လို့ ပတ်ဝန်းကျင် မီးကူးစက်လောင်ကျွမ်းတာမရှိဘူးလို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ မီးဘယ်လိုစလောင်တယ်ဆိုတာကို မီးသတ်ကစစ်ဆေးနေပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူတယောက်က DVB ကိုပြောပါတယ်။

“ကျနော်တို့တွေ့ရသလောက်တော့ အလောင်းလည်းမရှိဘူး၊ လူနာလည်း မရှိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မီးကို အပြီးသတ်ငြှိမ်းသတ်နေဆဲဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ရတဲ့  အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

ဒီကနေ့ ညနေ ၇ နာရီ ဝန်းကျင်ကလည်း တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်မှာ ကားမီးလောင်မှုတခု ဖြစ်ခဲ့လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Photo : MFSD

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013