Home
မြန်မာသတင်း
ကန့်သတ်ထိန်းချုပ်မှုများကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့ ရပ်နား
DVB
·
October 12, 2025

စစ်ကောင်စီက ပြည်ပနိုင်ငံတွေဆီကို အလုပ်သမား စေလွှတ်တာ ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် လုပ်ငန်းရပ်နားလိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရှိလာတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းကနေ  သိရပါတယ်။

ပြည်ပကို မြန်မာအလုပ်သမားတွေ လွတ်လွတ်လပ်လပ် စေလွှတ်မရတော့သလို မူဝါဒမတည်ငြိမ်တဲ့အတွက် လုပ်ကိုင်ရတာ အဆင်မပြေတော့တာကြောင့် ရပ်နားကြတာလို့ အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အခုက ဘယ်လိုမှလုပ်လို့ မကောင်းတော့တာ။ လိုင်စင်ပြန်မအပ်သေးတာဘဲ ရှိတယ်၊ အလုပ်တွေကရ ရပ်ထားကြတာ အများကြီး။ တချို့ကတော့ စိတ်ပျက်ပြီး အပြီးကိုနားသွားတာ။”

စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက လစဥ်ထုတ်ပြန်တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက်မှာ အောက်တိုဘာ ၃ ရက်အထိ  ၆၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီစာရင်းအရ သြဂုတ်လကထက် အေဂျင်စီ ၄ ခု လျော့သွားတာဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တယောက်က “ဒီအတိုင်းဆိုရင် နောက်ထပ်နားမယ့် အေဂျင်စီတွေ ရှိလာဦးမှာ။ ဖြေလျှော့ပေးဖို့ တင်ပြတာတွေရှိလည်း အကြောင်းမှမထူးတာ။ ပိုပိုပြီး ကျပ်လာတာပဲရှိတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်င်ံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်ရှိပြီး  အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေနဲ့ ပြည်တွင်း အလုပ်အကိုင်အခွင့်အ အလမ်းနည်းပါးလာတာကြောင့် ပြည်ပထွက်ချင်သူများပြားတာနဲ့အမျှ ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက်မှာလည်း တရှိန်ထိုးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အခုနှစ် မတ်လကစပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်လိုက်ပြီး အေဂျင်စီတခုချင်းအလိုက် စေလွှတ်ရမယ့် လုပ်သားဦးရေကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့နောက် အဆင်မပြေမူတွေရှိလာတာလို့ အဲဒီ လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် လစဥ် စေလွှတ်လုပ်သားဦးရေစာရင်းနဲ့ စေလွှတ်ခဲ့တဲ့အလုပ်သမားက မိသားစုဆီ တရားဝင်ငွေလွှဲအောင် တာဝန်ယူခိုင်းသလို ငွေလွှဲအထောက်အထားပြုစုပေးပို့ဖို့ကိုပါ စစ်ကောင်စီက အေဂျင်စီတွေကို ဖိအားပေးလုပ်ခိုင်းတာတွေ ပါရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013