Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပြင်ပထွက် အလုပ်လုပ်သူများကို စစ်တပ်က ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း
DVB
·
October 10, 2025

ရခိုင်ပြည်မှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့် ပြည်မဘက်ကို အလုပ်လုပ်ကိုင်ဖို့ သွားရောက်တဲ့သူတွေကို လမ်းမှာ စစ်တပ်က ဖမ်းဆီးတာ၊ စစ်မှုထမ်းထဲ ဖမ်းခေါ်ခံရသူတွေလည်း ရှိလာနေပါတယ်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့ကနေ ပြည်မဘက်ကို အလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြတဲ့သူတွေ အပါအဝင် လမ်းပြအဖြစ် လိုက်ပါပို့ဆောင်ပေးတဲ့ ရခိုင်နဲ့ ချင်းဒေသခံ အယောက် ၅၀ ကျော်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ပထမပတ်အတွင်းမှာ တောင်ကုတ်မြို့ကနေတဆင့် ပြည်ဘက်ကို ထွက်ခွာရာမှာ ပဲခူးတိုင်း ပန်းတောင်းလမ်းပေါ်မှာတင် စစ်တပ်ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

တောင်ကုတ်ဒေသခံတယောက်က “ရခိုင်ရိုးမပေါ်မှာရှိတဲ့ ရွာတွေထဲကပါ၊ တချို့က လမ်းပြအဖြစ်နဲ့ တောလမ်းကနေ ခရီးသွားတဲ့သူတွေကို ခေါ်ယူသွားတာရှိတယ်။ တချို့ကျတော့လည်း ခရီးသွားတွေမှာ ပါလာတဲ့ အထုပ်အပိုးတွေ၊ ပစ္စည်းတွေကို သယ်ယူပို့ဆောင်တာရှိတယ်။ ဒီလိုလူတွေ ဖမ်းခံရတာပါ။ ဖမ်းခံရတာကတော့ ပဲခူးတိုင်းထဲမှာ ဖမ်းခံရတာပါ။ လူ ၅၀ အထက်လောက်ကို ဖမ်းဆီးခံခဲ့ရတာပါ။ တချို့ တောင်ကုတ်ကလူတွေကျတော့ သူတို့ရဲ့ မိသားစုတွေ သွားပြီးတော့ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးတာ ရှိပါတယ်။ ဒါပေမဲ့ မရခဲ့ဘူးလို့ ကြားပါတယ်။ မလွှတ်ပေးဘူးပေါ့နော်။ သေချာတာတခုက စစ်မှုထမ်းဖို့ ခေါ်သွားနိုင်တယ်။ ကြုံရင်ကြုံသလိုပါပဲ၊ သူတို့ဖမ်းတာကတော့” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တောင်ကုတ်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် တောင်ကုတ်မြို့နယ်၊ ရပ်တော်မူကျေးရွာက ၆ ယောက်၊ စလူကျေးရွာက ၄ ယောက်၊ ဒိုးနွယ်စမ်းကျေးရွာက ၁၂ ယောက်၊ ရေပေါ်ကြီးကျေးရွာမှ ၉ ယောက်၊ ပိန်းနှဲစန်းကျေးရွာက ၃ ယောက်နဲ့ ပန်းတောင်းမြို့နယ်ထဲက ချင်းလူမျိုး ၁၀ ယောက်ကျော်တို့ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူတွေကို ညောင်ခြေထောက်ကျေးရွာက စစ်ကောင်စီ တပ်စခန်းတွေနဲ့ ဥသျှစ်ပင်မြို့က တပ်စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်ကနေ ပြည်မကို ထွက်ခွာဖို့ ကြိုးစားတဲ့သူတွေဟာ စစ်တပ်က ဖမ်းဆီးခံရနိုင်တာတခုပဲ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။

ရခိုင်နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။

ကံဆိုးရင် တိုက်ပွဲ၊ မြေမြှုပ်မိုင်းတွေနဲ့ တိုးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ အဲဒီလို တိုက်ပွဲနဲ့ မကြုံရင်တောင်မှ လမ်းခရီးက ကြမ်းပါတယ်။ အနည်းဆုံး တပတ်၊ ဆယ်ရက်လောက် တောလမ်းခရီးကို ခြေလျင်သွားရတဲ့ လမ်းကြောင်းကိုပဲအများစု ရွေးကြတာပါ။

တကယ်လို့ ပြည်မဘက်ရောက်သွားရင်လည်း လုံးလုံးတော့ အန္တရာယ် မကင်းသေးပါဘူး။ ရခိုင်တိုင်းရင်းသားတွေကို စစ်တပ်က AA နဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးတာတွေရှိသလို၊ လူငယ်လူရွယ်တွေလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရနိုင်ချေရှိနေပါသေးတယ်။ အဲဒီလို အန္တရာယ်များတဲ့အပြင် ခရီးစရိတ်ကလည်း မသေးပါဘူး။

ရခိုင်ပြည်၊ တောင်ကုတ်မြို့ကနေ ပြည်ဘက်ကိုထွက်ခွာရာမှာ လူတယောက်ကို ခရီးစရိတ် ၁၈ သိန်းအထိ ဈေးပေါက်ရောက်နေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း AA အနေနဲ့ ရခိုင်ပြည် ပြင်ပထွက်ခွာမှုကို အရေးပေါ်စီမံချက်ထားပြီး တားမြစ်ပိတ်ပင်နေတာကြောင့် ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုတွေ၊ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် တနေ့ထက်တနေ့ ထွက်ခွာမှုတွေလည်း များပြားလာနေတာပါလို့ ရခိုင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“အဓိကက အလုပ်အကိုင်မရှိတဲ့ပြဿနာပါ။ တချို့ကျတော့ ပြည်တွင်းမှာနေရတာ အလုပ်အကိုင်မရှိဆိုတော့ မနေချင်ကြဘူး၊ ရန်ကုန်ကနေမှတဆင့် နိုင်ံငံခြားသွားရင်လည်း သွားကြမှာပေါ့၊ မိန်းကလေးတွေဆိုရင်လည်း အိုမန်သွားတာများပါတယ်။ နောက်တခုက ပညာရေးပေါ့နော်၊ လောလောဆယ် ပြည်တွင်းထဲမှာ ပညာသင်နေရတယ်ဆိုပေမဲ့ လုံလောက်တဲ့ ပညာရေးစနစ်မဟုတ်သေးတော့ ပညာသင်ချင်လို့ ထွက်ကြတဲ့သူတွေလည်းရှိပါတယ်။ အဓိကကတော့ လောလောဆယ်မှာတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုဖြစ်နေတယ်၊ စားဝတ်နေရေးလည်း အဆင်မပြေဘူး၊ အကျပ်အတည်းဖြစ်နေလို့ ထွက်ကြတာများပါတယ်။”

တဖက်မှာလည်း ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေမှုတွေကြောင့် အေအေအနေနဲ့ ရခိုင်ဒေသခံတွေ ပြင်ပထွက်ခွာမှုနဲ့ပတ်သက်ပြီး ကြုံရနိုင်တဲ့အန္တရာယ်တွေကို အသိပညာပေးဟောပြောတာတွေ လုပ်‌ဆောင်ပေးစေလိုတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

၂၀၂၅ ခုနှစ် နှစ်စကစပြီး ခုချိန်ထိ ရခိုင်ပြည်၊ တောင်ကုတ်မြို့ကနေ ပြည်မဘက်ကို ထွက်ခွာသွားတဲ့ ရခိုင်ဒေသခံ ၁၅၀ ကျော် စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရကာ အဲဒီထဲမှာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေလည်း ပါဝင်နေပြီး စစ်မှုထမ်းဖို့ ဖမ်းခေါ်ခံခဲ့ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013