Home
မြန်မာသတင်း
မာန်အောင်တွင် MPT ဖုန်းလိုင်း ရရှိရန် စစ်ကောင်စီ ဆောင်ရွက်နေ
DVB
·
October 9, 2025

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ MPT ဖုန်းလိုင်းတွေ ရရှိအောင် ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မာန်အောင်မြို့မှာ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ဖုန်းလိုင်းတွေ ပြတ်တောက်နေတာဖြစ်ပြီး MEC ဖုန်းလိုင်းတခုသာ နေရာကွက်ကျား ရရှိနေတာလို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီက မာန်အောင်မြို့မှာ ဆက်သွယ်ရေးလိုင်းတွေ ပြန်လည်တပ်ဆင်ဖို့ ကြိုးပမ်းလာတာဟာ ရွေးကောက်ပွဲအတွက် ပြည်သူတွေကို အချိုသတ်တာမျိုး ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ မာန်အောင်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မာန်အောင်က ကျွန်းမြို့ဆိုတော့ စစ်ရေးအရ ဘာထူးခြားမှုမှ မရှိဘူး။ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်တယ်။ ဒါပေမဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကတော့ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ဖြတ်တောက်ထားတာ။ အခုထိလည်း နေရာကွက်ကျားသာ ရတဲ့ MEC ဖုန်းကတဆင့် မိသားစုတွေနဲ့ ဆက်သွယ်နေရတုန်းပဲ။ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေ ဖွင့်ပေးမယ်ဆိုတာက စေတနာအမှန်လို့တော့ မထင်ဘူး။ ရွေးကောက်ပွဲအတွက် ပြည်သူတွေကို အချိုသတ်နေတာလို့ ထင်တယ်။ ဖွင့်ပေးချင်ရင် အရင်ကတည်းက ဖွင့်ပေးထားလို့ ရတယ်လေ” လို့ ပြောပါတယ်။

မာန်အောင်မြို့ဟာ ပင်လယ်ကျွန်းမြို့ ဖြစ်တာကြောင့် အာရက္ခတပ်တော်ဘက်က စစ်ရေး လှုပ်ရှားနိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

ရခိုင်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ် ၃ ခုလုံးမှာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရပြီး MEC ဖုန်းလိုင်းတခုသာ နေရာကွက်ကျား ရရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ် ၃ ခုဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ကြေညာထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်တွေမြို့မှာ Mytel ဖုန်းလိုင်းတွေကို ဖွင့်ပေးခဲ့ပေမဲ့ ၂ ရက်အကြာမှာ ပြန်လည်ပြတ်တောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်တွေကို ဆက်သွယ်ရေးအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကိုပါ ပိတ်ပင်ထားပြီး စစ်ကောင်စီက ဌာနဆိုင်ရာတွေအတွက် ပို့ဆောင်တဲ့ အခါမှ စားနပ်ရိက္ခာတွေကို မှာယူကြရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013