
အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို ခြေရာခံ၊ ထောင်ချဖမ်းဆီး သတ်ဖြတ်မှုတွေမှာ ဖုန်းသုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေ လွှဲပြောင်းပေးအပ်ခဲ့မှုအတွက် နော်ဝေအခြေစိုက် တယ်လီကွန်းကုမ္ပဏီ တယ်လီနောကို တရားစွဲဆိုသွားဖို့ လုပ်ဆောင်နေတဲ့အကြောင်း မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်တဲ့ တယ်လီနောက မြန်မာစစ်တပ်ရဲ့ တောင်းဆိုမှုတွေကို လိုက်နာဖို့ သူ့ရဲ့ ဖောက်သည် သုံးစွဲသူ ၁၈ သန်းထဲက တချို့ရဲ့ အချက်အလက်တွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
အမ်စတာဒမ် အခြေစိုက် နိုင်ငံစုံကော်ပိုရေးရှင်းများဆိုင်ရာ သုတေသနစင်တာ (SOMO) ရဲ့ စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ ဂျိုးဇက် ဝိုင်းဒ်ရမ်ဆင်းက “ကျနော်တို့ SOMO နဲ့ တခြားအရပ်ဘက်အဖွဲ့အစည်းတွေက နှစ်ပေါင်းများစွာ သတိပေးခဲ့တဲ့ ကိစ္စတခုပါပဲ။ တယ်လီနောဟာ မြန်မာနိုင်ငံထဲကို အခြေအနေကို ရင်ဆိုင်ဖို့အတွက် လုံးဝ အဆင်သင့်မရှိဘဲ ဝင်ရောက်လာခဲ့တာ။ ဘယ်သူမှတော့ ၁၀၀ ရာခိုင်နှုန်း အဲဒီလို ဖြစ်လာမယ်ဆိုတာ မသိခဲ့ကြပါဘူး။ ဒါပေမဲ့ နုနယ်တဲ့ ဒီမိုကရေစီ၊ အဲဒီအချိန်က မြန်မာနိုင်ငံမှာရှိနေတဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုတွေကို ထောက်ရှုရင် အန္တရာယ်တခုအနေနဲ့ ကြိုတင်ခန့်မှန်းနိုင်ခဲ့သင့်ပြီး ပိုပြီး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသင့်တာပါ။ တယ်လီနောက ဒေတာတွေစုဆောင်းပြီးတော့ ကျနော်တို့က နော်ဝေက၊ ကျနော်တို့က ကျင့်ဝတ်နဲ့အညီ လုပ်တယ်၊ ယုံကြည်လို့ရတယ်၊ သင်တို့ရဲ့ ဒေတာတွေကို ကျနော်တို့နဲ့ မျှဝေလို့ရတယ်၊ တခြားတရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် သင်တို့ရဲ့ ဒေတာတွေကို ဂရုမစိုက်တဲ့သူတွေလို မဟုတ်ဘူးဆိုတဲ့ ရောင်းအားမြှင့်တင်မှု (sales pitch) နဲ့ ဝင်လာခဲ့တာပါ။ သူတို့ဟာ အသုံးပြုသူတွေရဲ့ ဒေတာတွေကို တခြားဆက်သွယ်ရေးကုမ္ပဏီတွေလိုပဲ စုဆောင်းခဲ့ကြတယ်။ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ၊ ဘယ်သူက ဘယ်သူ့ကို ဘယ်အချိန်မှာ ခေါ်ခဲ့တယ်၊ သူတို့ရဲ့ တည်နေရာ အချက်အလက်တွေ၊ ဘယ်နံပါတ်တွေက သင့်နံပါတ်နဲ့ ချိတ်ဆက်နေတယ် ဆိုတာတွေပေါ့။ ပြီးတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်လာတဲ့အခါမှာတော့ တယ်လီနောဟာ ဒီ အရေးကြီးတဲ့ ဒေတာတွေကို စစ်ကောင်စီနဲ့ မျှဝေစပြုလာခဲ့ပါတယ်။ ပြီးတော့ တနှစ်အကြာ တယ်လီနော ထွက်ခွာသွားတဲ့အခါမှာတော့ သူတို့ဟာ ကုမ္ပဏီတခုလုံးကို ဒေတာအားလုံးရဲ့ ထိန်းချုပ်မှုနဲ့အတူ အဲဒီအချိန်က စစ်တပ်နဲ့ ချိတ်ဆက်မှုရှိတယ်လို့ လူအများက ကျယ်ကျယ်ပြန့်ပြန့်သိထားတဲ့ ကုမ္ပဏီဆီကို ရောင်းချခဲ့ပါတယ်။ အထူးသဖြင့် ဒီ တာဝန်မဲ့စွာ ရပ်စဲထွက်ခွာမှုဟာ ကျနော်တို့ နှစ်ပေါင်းများစွာကတည်းက OECD လမ်းညွှန်ချက်နဲ့အညီ တိုင်ကြားမှုတင်သွင်းပြီးတော့ ထုတ်ဖော်ပြောဆိုနေတဲ့ ကိစ္စရပ်တခုပါ” လို့ ပြောပါတယ်။
တယ်လီနောဘက်ကတော့ နော်ဝေနိုင်ငံက ကနဦး တရားရုံး စုံစမ်းစစ်ဆေးမှုတွေ အပါအဝင် တရားရေးဆိုင်ရာ အကြောင်းကြားစာထဲမှာ ဘယ်လိုအကြောင်းအရာမှ မတွေ့ခဲ့ရဘူးလို့ ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။
စစ်အုပ်စုရဲ့ အမိန့်ကို မနာခံတာက အကြမ်းဖက်ဝါဒနဲ့ ပုန်ကန်မှုလို့ ထင်မြင်ပြီး ဝန်ထမ်းတွေကို တိုက်ရိုက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားပြီး ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေအောက်မှာ ရွေးချယ်စရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဘယ်နိုင်ငံမဆိုက တယ်လီကွန်းအော်ပရေတာတွေလိုပဲ တယ်လီနောမြန်မာအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ Traffic Data တွေကို တရားဝင်ပေးဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
SOMO တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဂျိုးဇက်ဝိုင်းဒ်ရမ်ဆင်းက “စစ်အာဏာသိမ်းပြီးနောက်မှာ တယ်လီနောက အရေးကြီးတဲ့ သုံးစွဲသူဒေတာအချက်အလက်တွေကို စစ်အုပ်စုဆီ လွှဲပြောင်းပေးခဲ့တာပါ။ အဲဒီထဲမှာ နိုင်ငံရေး အတိုက်အခံတွေနဲ့ သူတို့မိသားစုဝင်တွေကို ခြေရာခံနိုင်တဲ့ ခေါ်ဆိုမှု မှတ်တမ်းတွေနဲ့ တည်နေရာတွေ ပါဝင်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ သုံးစွဲသူဒေတာအချက်အလက် လွှဲပြောင်းပေးအပ်မှုတွေထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားသဖြင့် ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်ရဲ့ ဖုန်းမှတ်တမ်းနဲ့ အချက်အလက်တွေ ပါဝင်နေသလို သူ ဖမ်းဆီးမခံရခင် သီတင်းပတ် အနည်းငယ်အတွင်းမှာ တယ်လီနောက စစ်တပ်ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်က ပြောတဲ့အကြောင်းလည်း SOMO က ဖော်ပြပါတယ်။
ဂျိုးဇက်ဝိုင်းဒ်ရမ်ဆင်းက “အခုဆိုရင် အမှုပေါင်း ဒါဇင်နဲ့ချီပြီး ရှိနေပါတယ်။ တယ်လီနောက ဒေတာ ဒါမှမဟုတ် သတင်းအချက်အလက်တွေပေးပြီး ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ် အကြာမှာပဲ အဲဒီလူပုဂ္ဂိုလ်တွေဟာ အဖမ်းခံကြရပါတယ်။ တချို့ကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး တချို့ကိုတော့ ကွပ်မျက်ခဲ့ပါတယ်။ အခုဆိုရင် နာမည်ကြီးအတိုက်အခံ လွှတ်တော်အမတ်လည်းဖြစ် ဟစ်ဟော့အဆိုရှင်တဦး [ကိုဖြိုးဇေယျာသော်] ရဲ့ဇနီးဖြစ်သူ မသဇင်[ညွန့်အောင်]လည်း နစ်နာခဲ့ရသူတွေထဲက တယောက်ပါ။ တယ်လီနောက သူ့ခင်ပွန်းရဲ့ ဒေတာကို စစ်ကောင်စီနဲ့ မျှဝေပြီး မကြာခင်မှာပဲ သူဟာ အဖမ်းခံရပြီး ခဏအကြာမှာ ကွပ်မျက်ခံလိုက်ရတာပါ။ ဒါကြောင့် သူဟာ အခု ရှေ့ထွက်လာပြီး ဒီအမှုကို တင်သွင်းတဲ့ ပင်မ တရားလိုတွေထဲကတဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဇင်နဲ့ချီတဲ့ တခြားသူတွေလည်း ရှိနေပါတယ်။ တကယ်တမ်းပြောရရင် နစ်နာခဲ့ရသူ ထောင်ပေါင်းများစွာ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လထဲမှာ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောလုပ်ငန်းစုဆီကနေ လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group ဆီ လွှဲပြောင်းရောင်းချခဲ့ပြီးနောက် သူ့ရဲ့ မိတ်ဖက်ဖြစ်တဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက အဓိကရှယ်ယာပိုင်ဆိုင်သူ ဖြစ်လာခဲ့တာပါ။
အဲဒီနောက် တယ်လီနောမြန်မာကို ATOM လို့ အမည်ပြောင်းလဲခဲ့သလို လက်ရှိအချိန်အထိ ဒီနာမည်နဲ့ပဲ ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး နစ်နာခဲ့ရသူတွေ တောင်းဆိုနေတာကတော့ ဆုံးရှုံးနစ်နာမှုတွေအတွက် လျော်ကြေးပဲဖြစ်တယ်လို့ ဂျိုးဇက်ဝိုင်းဒ်ရမ်ဆင်းက ပြောပါတယ်။
“ကျနော်တို့ဟာ တရားသူကြီးဆီကနေ ကျနော်တို့ကို အနိုင်ပေးတဲ့ စီရင်ချက်မျိုးရရှိဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သလို တယ်လီနောဟာ သူတို့ လုပ်ဆောင်ခဲ့တာဟာ လူတွေကို ထိခိုက်နစ်နာစေခဲ့တယ် ဆိုတဲ့အချက်ကို နောက်ဆုံးမှာ လက်ခံလာပြီး လျော်ကြေးပေးဖို့ တာဝန်ရှိတယ်။ တကယ်တော့ တာဝန်ဝတ္တရားရှိတယ် ဆိုတဲ့အချက်ကို လက်ခံလာမယ်လို့ ကျနော်တို့ မျှော်လင့်နေဆဲပါ။ ဒါကြောင့် တယ်လီနောဟာ သူတို့ ပြောဆိုထားသလို တာဝန်ယူမှုရှိတဲ့ကုမ္ပဏီ ဖြစ်လာဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချမယ်လို့ ကျနော်တို့ မျှော်လင့်နေဆဲပါ။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်တွေနဲ့ ငွေကြေးတွေကို သူတို့ရဲ့ ပြောစကားအတိုင်း အမှန်တကယ် လုပ်ဆောင်ပြီး နစ်နာသူတွေကို လျော်ကြေးငွေတခုခု ပေးအပ်ဖို့ကိုပါ။ ဒါကို ကျနော်တို့ တောင်းဆိုနေတာပါ။ နစ်နာသူတွေဟာ နှစ်ပေါင်းများစွာ တောင်းဆိုနေတာပါ။ ဒါကြောင့် ဒါဟာ ဖြစ်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်နေဆဲပါ။ အကယ်၍ မဟုတ်ဘူးဆိုရင်တော့ တယ်လီနောကို လုပ်ဆောင်ဖို့အတွက် အတင်းအကျပ်စေခိုင်းမယ့် တရားသူကြီးရဲ့ စီရင်ချက်တခုကို ကျနော်တို့ ရရှိအောင် ကြိုးစားမှာပါ။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကတည်းက လက်ရှိအချိန်ထိ သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ ၇,၀၀၀ နီးပါး ရှိနေပြီး ဖမ်းဆီးခံခဲ့ရသူ ၃၀,၀၀၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။
Source: Reuters / DVB