
ကရင်နီ (ကယား)ပြည်နယ်မြို့တော်ရှိ လွိုင်ကော်တက္ကသိုလ်ကို ၂ နှစ် နီးပါးပိတ်ထားရာကနေ အခု အောက်တိုဘာလထဲမှာ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ လက်အောက်ခံပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၁၁၁၁ စစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးခဲ့တာကြောင့် ပိတ်ထားရတဲ့ လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်လို့ ၂၀၂၅ ပညာသင်နှစ် အဝေးသင်ဒုတိယသုတ်နဲ့ တတိယသုတ် ကျောင်းသားတွေဟာ လွိုင်ကော်တက္ကသိုလ်မှာ စာမေးပွဲပြန်လာဖြေရမယ်လို့ နိုင်ငံပိုင်သတင်းစာကနေ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
လွိုင်ကော်တက္ကသိုလ်ကို ပိတ်ထားတဲ့ကာလအတွင်း တောင်ကြီးတက္ကသိုလ်မှာ ပြောင်းရွှေ့ တက်နေကြတဲ့ လွိုင်ကော်မှ အဝေးသင်ဒုတိယနဲ့ တတိယသုတ် ကျောင်းသားအားလုံးဟာ အနီးကပ်သင်တန်းတွေနဲ့ စာမေးပွဲတွေကို လွိုင်ကော်တက္ကသိုလ်မှာ ပြန်လာဖြေရမှာဖြစ်ပါတယ်။
လွိုင်ကော်မြို့ပေါ်က အခြေခံပညာ စာသင်ကျောင်းတွေကတော့ မနှစ်က စစ်ရေးအခြေအနေကြောင့် နေ့တဝက်ပဲကျောင်းဖွင့်နိုင်ပြီး ဒီနှစ်မှာတော့ ပြန်ဖွင့်တဲ့ ကျောင်းတိုင်းက တနေကုန်ပြန်ဖွင့်နေပြီလို့ လွိုင်ကော်မြို့ခံ တယောက်က ပြောပါတယ်။
“ကျောင်းတိုင်းမှာက ရဲရှိမယ်၊ ပြည်သူ့စစ်ရှိမယ်၊ နောက်စစ်သားရှိမယ်၊ သူတို့အမြဲတမ်း ကင်းချထားတာရှိတယ်၊ အများဆုံးကတော့ ပြည်သူ့စစ်တွေများတယ်။ ဒီမှာကျောင်းပြန်ထားမယ့် မိဘတွေရှိတယ်။ တက္ကသိုလ်ကလည်း ပြန်ပြင်ပြီးသွားပြီလေ၊ သူတို့အကုန်လုံး ရှယ်ပြန်လုပ်ထားပြီးပြီဆိုတော့ အခု ၁၂ တန်းအောင်တဲ့ ကလေးတွေအကုန်လုံး ဒီမှာပဲ ပြန်တက်ရမှာ။”
တက္ကသိုလ်ပြန်ဖွင့်မယ့်ရက်နဲ့ ပတ်သက်ပြီး လွိုင်ကော်တက္ကသိုလ်က တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ပြည်တွင်းမီဒီယာတွေမှာတော့ အဝေးသင် ဒုတိယသုတ် အနီးကပ်သင်တန်းကို အောက်တိုဘာ ၁၃ ရက်ကနေ ၂၂ ရက်နဲ့ စာမေးပွဲကာလကတော့ အောက်တိုဘာ ၂၄ ရက်ကနေ ၃၀ ရက်အထိ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။
အဝေးသင် တတိယသုတ် အနီးကပ်သင်တန်းကိုတော့ နိုဝင်ဘာ ၁ ရက်ကနေ ၁၁ ရက်နဲ့ စာမေးပွဲ ကာလက နိုဝင်ဘာ ၁၃ ရက်ကနေ ၂၁ ရက်အထိ ဖြစ်ပါတယ်။
လွိုင်ကော်မြိုခံတယောက်က “သူတို့(စစ်တပ်)ကတော့ မြို့တွေကို ပြန်လာခိုင်းစေချင်တာပေါ့။ ပြီးတော့ကျောင်းပြန်ဖွင့်မယ်၊ တက်တဲ့သူလည်းရှိတယ်၊ သူတို့မြို့တည်ငြိမ်အေးချမ်းရေးကို သူတို့ ပြန်တည်ဆောက်ချင်တာပေါ့နော်။ မဲမတိုင်ခင်မှာလည်း မယ်စဲ့အထိ ပြန်သိမ်းမယ်ဆိုတဲ့ဟာမျိုးတွေ အကုန်လုံးအရင်လိုပြန်ဖြစ်ချင်တယ်လေ။ ဒါပေမဲ့ မလွယ်ဘူးလို့ ထင်တာပဲ။ မြို့ပေါ်မှာလည်း တက်နိုင်ခဲ့ရင်တောင် ခဏတဖြုတ်လောက်ပဲဖြစ်ရင်လည်း ဖြစ်မှာပေါ့နော်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ ကို လွိုင်ကော်နဲ့ ဘောလခဲမြို့တွေမှာ ကျင်းပမှာဖြစ်ပြီး တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ မယ်စဲ့၊ ရှားတောနဲ့၊ ဖားဆောင်းမြို့တွေမှာ ကျင်းပမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
လွိုင်ကော်နားတဝိုက်မှာတော့ လတ်တလော တိုက်ပွဲတွေပြင်းထန်နေပြီး ဘောလခဲဘက်မှာလည်း စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ဆိုပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတိပေးထုတ်ပြန်ထားပါတယ်။
မောရစ်