Home
မြန်မာသတင်း
ကျောက်မဲကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ ဝင်ရောက်လာ၊ စစ်ရှောင်များကို ဝင်ခွင့်မပြုသေး
DVB
·
October 3, 2025
Photo: DSINFO

စစ်ကောင်စီတပ်က ပြန်သိမ်းယူထားတဲ့ ကျောက်မဲမြို့မှာ အောက်တိုဘာ ၂ ရက်‌ မွန်းလွဲပိုင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေ ဝင်ရောက်လာပေမဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုတော့ ဝင်ခွင့်မပြုသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ကျောက်မဲမြို့ထဲ ဌာနဆိုင်ရာတွေ အကုန်ပြန်ဝင်ရောက်လာပြီ။ စစ်တပ်စစ်ကြောင်းတွေက သီပေါဘက်အထွက် တိုးဂိတ်ဘက် စစ်ကြောင်းထိုး ပစ်နေတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂ ရက် မနက်ပိုင်းကစပြီး မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ပစ်ခတ်သံတွေ ကြားနေရပေမဲ့ ပြင်းထန်တာမျိုး မဟုတ်တာကြောင့် ရှင်းလင်းရေး လုပ်နေပုံရတယ်လို့ ဒေသခံက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “စစ်ရှောင်တွေကို ပေးမဝင်သေးဘူး။ စစ်တပ်က ရှင်းလင်းရေးတောင် မပြီးသေးဘူး။ မြို့ထဲဝင်လာတာ ဌာနဆိုင်ရာတွေ ဝင်လာတာ” လို့ ပြောပါတယ်။

မြို့တွင်းမှာရှိနေတဲ့ ဒေသခံတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂ ရက် ည ၁၀ နာရီ ၁၄ မိနစ်လောက်မှာ သီပေါမြို့ဘက် လေကြောင်း ဗုံးကြဲသွားတယ်လို့ ဒေသခံထံက သိရပါတယ်။

စစ်တပ်ထောက်ခံသူတွေကတော့ စစ်တပ်က ကျောက်မဲမြို့ ပြန်လည်ထူထောင်ရေးတွက် မီးသတ်ကား ၂ စီး အပါအဝင် ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတွေ ကား ၂၀ ကျော်ပါ ယာဉ်တန်း အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်း ကျောက်မဲမြို့ထဲ ရောက်ရှိလာကြောင်း လူမှုကွန်ရက်တွေမှာ ရေးတင်နေကြပါတယ်။

ဆေးရုံနဲ့ စာသင်ကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကျောက်မဲနဲ့ သီပေါမှာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကျောက်မဲမြို့ကို မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်က TNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိကာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာ အောက်တိုဘာ ၁ ရက်မှာ စစ်တပ်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013