
စစ်ကောင်စီက တနှစ်နီးပါး ဖမ်းဆီးထားတဲ့ ရခိုင်အမျိုးသမီးအဆိုတော် မဆုမြတ်ထက်ကို တရားရုံးခံဝန်နဲ့ စက်တင်ဘာလအတွင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တာမွေမြို့မရဲစခန်းက နိုင်ငံရေးပုဒ်မနဲ့ တရားစွဲဆိုတင်ပို့ခဲ့တဲ့ မဆုမြတ်ထက်ကို သင်္ဃန်းကျွန်းခရိုင် တရားရုံးကနေ စက်တင်ဘာ ၁၄ ရက်မှာ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူ့မှာ တကယ်တမ်း အပြစ်မရှိဘူး၊ မနှစ်က မင်းပြားမှာ ရေဘေးဖြစ်တော့ သူက ကူညီပေးတယ်။ တယောက်တည်းအားနဲ့မဟုတ်ဘူး၊ စုပေါင်းပြီးလှူကြတာ။ အဲဒါကို အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့တယ်ဆိုပြီး မလိုတဲ့သူကတိုင်လို့ ဒီလိုဖြစ်သွားတာ။ တရားသေလွှတ်ပေးလိုက်ရင်တော့ ပိုကောင်းတာပေါ့။ အခုက ခံဝန်နဲ့ပြန်လွှတ်ပေးလိုက်တာ။”
မဆုမြတ်ထက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က တာမွေမြို့နယ်ရှိ နေအိမ်မှာ တူမဖြစ်သူနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၈ ရက်မှာ တူမဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီး မဆုမြတ်ထက်ကို မရမ်းကုန်းမြို့နယ်၊ အောင်သပြေစစ်ကြောရေးစခန်းမှာ စစ်ဆေးပြီးနောက် တာမွေမြို့နယ်ရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
မြန်အောင်ဒေသခံ မဆုမြတ်ထက်ဟာ ရန်ကုန်မြို့ တာမွေမှာ မိသားစုဝင်တွေနဲ့အတူ နေထိုင်ပြီး တေးသီချင်းတွေကို လုပ်နေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃ ရက်ကလည်း ရခိုင်လူထုကြားမှာ ရေပန်းစားခဲ့တဲ့ 11/Arakan သီချင်းရေးသားသီဆိုခဲ့တဲ့ ရက်ပ်အဆိုတော် Mg Alpha ကို တာမွေမြို့နယ် ကျောက်မြောင်းက နေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။