
စစ်ကောင်စီသံရုံးတွေက ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးခွင့်အတွက် ပုံစံ ၁၅ တင်ရမယ့်ရက်ကို အောက်တိုဘာလဆန်းအထိ တိုးပေးခဲ့ပေမဲ့ မဲပေးခွင့်လျှောက်သူ အရေအတွက် သိသာစွာ တိုးမလာဘူးလို့ သံရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ပြည်ပရောက်မြန်မာတွေကို မူလက စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပြီး ပုံစံ ၁၅ တင်ဖို့ သတ်မှတ်ခဲ့ပေမဲ့ လျှောက်ထားသူနည်းတာကြောင့် သံရုံးတခုချင်းအလိုက် ရက်ထပ်တိုးပေးခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူတယောက်က “စုံစမ်းရသလောက်ဆို ဖိအားပေးပြီး လျှောက်ခိုင်းလို့ မလွှဲသာမရှောင်သာ ပုံစံ ၁၅ တင်လိုက်ရတဲ့သူ အနည်းအကျဥ်းကလွဲပြီး အရေအတွက် ထပ်မတိုးဘူးလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
ပြည်ပရောက် မြန်မာတွေ ပုံစံ ၁၅ တင်ဖို့ကို တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံရှိ စစ်ကောင်စီသံရုံးတွေက အောက်တိုဘာ ၆ ရက်အထိ၊ ထိုင်းနိုင်ငံရှိ သံရုံးက အောက်တိုဘာ ၃ ရက်အထိ၊ မလေးရှားနိုင်ငံရှိ သံရုံးက စက်တင်ဘာ ၃၀ အထိ၊ ဟောင်ကောင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးက အောက်တိုဘာ ၁ ရက်အထိ စသဖြင့် ရက်တိုးပေးထားခဲ့တာ ဖြစ်ပါတယ်။
ယူအေအီးက စစ်ကောင်စီသံရုံးအနေနဲ့ အောက်တိုဘာလကုန်အထိ ပတ်စ်ပို့သက်တမ်းတိုး ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတယောက်ကို မြန်မာနိုင်ငံသား အယောက် ၅၀ စီ ပုံစံ ၁၅ တင်ပေးရမယ်ဆိုပြီး အချိန်ပေး အကျပ်ကိုင်ထားတာ ရှိတယ်လို့လည်း အဲဒီလုပ်ငန်းနဲ့ နီးစပ်သူက ပြောပါတယ်။
“လွန်ဆန်မရလို့ လျှောက်လွှာပုံစံ တင်ရရင်တောင် မဲသွားပေးမှာ မဟုတ်ဘူး။ မဲပေးမယ် မပေးဘူးက ကိုယ်ပိုင်အခွင့်အရေးလေ။”
စစ်ကောင်စီက စိတ်ကြိုက်ဖန်တီးထားတဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ကစပြီး အပိုင်းလိုက် လုပ်သွားဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲအတွက် ကြိုတင်မဲ အလုံအလောက်ရဖို့ ပြည်ပရောက်မြန်မာတွေကို ဖိအားပေးတာတွေလည်း ရှိခဲ့ပေမဲ့ ကြိုတင်မဲပေးရမယ့်ရက်ကို အသိပေး ထုတ်ပြန်တာ မရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။