
အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သံဖြူဇရပ်အခြေစိုက် အမှတ် ၄ တန်းမြင့် စစ်သင်တန်းကျောင်းကနေ စစ်သင်တန်းတက်ဖို့ ငြင်းဆန်တဲ့ လူငယ် ၅ ယောက်ကို ထိတ်တုံးခတ်ထားပြီး စစ်သင်တန်းရအောင်တက်ခိုင်းတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ ၂၂ ရက် စစ်မှုထမ်းတပ်သားသစ်များ နေထိုင်ရာ ဘားတိုက်အတွင်းမှာ လူငယ် ၅ ယောက်ကို ထိတ်တုံးခတ်ထားပြီး ကျန်တဲ့လူငယ်တွေက စောင့်ကြည့်နေတဲ့ ဗီဒီယိုဖိုင်တခု ပျံ့နှံ့လာရာ အဆိုပါတည်နေရာမှာ သံဖြူဇရပ်အခြေစိုက် တကက ၄ စစ်သင်တန်းကျောင်းဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ပေါ်တာဆွဲလာတဲ့ ကလေးတွေကို တကက ၄ က ပြေးမှာစိုးလို့ ထိတ်တုံးခတ်ထားပြီး သင်တန်းမရ ရအောင် တက်ခိုင်းတာ။ အဲဒါ တပ်က လူတယောက်က ရိုက်ပြီးတင်လိုက်တာ၊ ကနဦးတင်တဲ့သူက ဖျက်သွားပြီ။ အဲဒီ ဗီဒီယိုဖိုင်က ပျံ့သွားတာ။ ဖြစ်စဥ် ၂၁ ရက်နေ့ဖြစ်တာ၊ အပတ်စဥ် ၁၈ အတွက် အခြားနေရာက ဖမ်းလာတဲ့ကလေးတွေ။”
စစ်မှုထမ်း အပတ်စဥ် ၁၈ အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်သင်တန်း ၄ ကျောင်းက အောက်တိုဘာ ၁၈ ကနေ ၂၁ ရက်အတွင်း လူသစ်စုဆောင်းကာ သင်တန်းကျောင်းတွေကို ပို့ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ရတခ က မွန်နဲ့ ကရင်ကို တာဝန်ယူထားတာ သင်တန်းကျောင်း ၄ ကျောင်းရှိတယ်။ အခုတွေ့ရတဲ့ ဗီဒီယိုကို တကက ၄ မှာဖြစ်သွားတာ။ ဖြစ်စဥ်က ၁၉ နဲ့ ၂၀ လောက်မှာဖြစ်မယ်။ ၂၁ ရက်မှာ သင်တန်းစဖွင့်တာဆိုတော့။”
စစ်မှုထမ်းကို အကြောင်းပြပြီး စစ်ကောင်စီတပ်အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူအစားထိုး ပြန်လည်ရောင်းစားတာတွေရှိပေမဲ့ ဒီကနေ့အထိ ဝန်မခံဘဲ ငြင်းဆိုထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ အထိနာခဲ့တဲ့ စစ်ခေါင်းဆောင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နိုင်ငံတဝန်းက လူငယ်တွေကို နည်းမျိုးစုံနဲ့ ခေါ်ယူပြီး မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို စခဲ့တာပါ။
စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ကန့်ကွက်သူတွေရှိပေမဲ့ ထိရောက်မှု နည်းတာကြောင့် အခုဆို စစ်မှုထမ်းအပတ်စဥ် ၁၉ အတွက် သင်တန်းကျောင်း ၂၄ ကျောင်းမှာ စစ်ကောင်စီက သင်တန်းပေးဖို့ လူသစ်စုဆောင်းနေပြီ ဖြစ်ပါတယ်။




