
ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကာလအတွင်း လမ်းဘေးဈေးသည်တွေကို စီမံချက်နဲ့ အချိန်အကန့်အသတ်နဲ့သာ ရောင်းချခွင့်ပြုထားတယ်လို့ ဈေးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လူစည်ကားရာနေရာချို့မှာ ရောင်းချနေတဲ့ ဈေးသည်တွေကို ညနေ ၅ နာရီခွဲမှသာ ဈေးရောင်းချခွင့်ပြုထားပြီး တချို့နေရာတွေမှာတော့ ရွေးကောက်ပွဲပြီးမှသာ ပြန်လည်ရောင်းချခွင့်ပြုမယ်လို့ သိရပါတယ်။
အခုလို အချိန်အကန့်အသတ်နဲ့ပဲ ရောင်းချခွင့်ပြုထားတာကြောင့် ဈေးအရောင်းပါးပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လမ်းဘေးဈေးသည်တွေကို မြို့အင်္ဂါရပ်နဲ့ မညီဘူးဆိုကာ ဖယ်ရှားရှင်းလင်းဖို့ အမိန့်ပေးထားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ထဲမှာရှိတဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားရှင်းလင်းပြီးပါက ကျူးကျော်နေအိမ်တွေကိုလည်း ဆက်လက်ဖယ်ရှားသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း စည်ပင်ဝန်ထမ်းတွေက လမ်းဘေးမှာရောင်းချနေတဲ့ ဈေးသည်တွေကို တွေ့ပါက အတင်းအကျပ် ပစ္စည်းတွေကို သိမ်းယူသွားတာရှိတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးတွေကြောင့် လမ်းဘေးဈေးသည်တွေဟာ ဈေးတွေထဲမှ ပစ္စည်းတွေကို လှည့်လည်ရောင်းချနေရသလို စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့လည်း ပြောပါတယ်။




