ရန်ကုန်မြို့လယ်က ဗိုလ်အောင်ကျော်လမ်း နဲ့ မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ အောက်ဆိုက်ကား တစီးတိမ်းမှောက်ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၅ ရက်၊ မနက် ၈ နာရီခွဲ ဝန်းကျင်မှာ ဗိုလ်အောင်ကျော်လမ်း နဲ့ မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ မီးနီကို ဖြတ်မောင်းရင်း တက္ကစီယာဉ်ကို ရှောင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ သွားရောက်ကူညီခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းက တာဝန်ရှိသူတယောက် DVB ကို ပြောပါတယ်။
“တက္ကစီက မီးစိမ်းလို့မောင်းနေတာ၊ သူက အရှိန်နဲ့လာပြီး မီးနီကို အလွတ်ဖြတ်တာ၊ အရှိန်မထိန်းနိုင်ဘဲ မှောက်တဲ့သဘော။”
ယာဉ်တိမ်းမှောက်မှုကြောင့် အောက်ဆိုက်ကားယာဉ်မောင်း သေဆုံးခဲ့ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လူနာ ၆ ယောက်ထဲမှာ ၂ ယောက်ဟာ စိုးရိမ်ရတဲ့ အနီရောင်အဆင့်ဖြစ်ပြီး ကျန်လူနာ ၄ ယောက်ကတော့ မစိုးရိမ်ရဘူးလို့ ရှင်သန်ရေးကူညီမှုအသင်းက တာဝန်ရှိသူက DVB ကို ပြောပါတယ်။
“ဒရိုင်ဘာသေတယ်၊ နောက်ပြီးတော့ လူနာ ၆ ဦးပေါ့။ ၆ ဦးမှာ အနီရောင်အဆင့်က ၂ ဦး။ ရှေ့ခန်းမှာ ထိုင်တဲ့ လူနာ ကျားတဦးက ICU ထဲမှာ။ အခြေအနေက ဆုံးဖို့တော့ များတယ်လို့ ထင်ရတာပေါ့နော်၊ နောက်ခန်းမှာ ထိုင်တဲ့အထဲက မ တဦး အနီရောင်အဆင့် ထပ်ထွက်တယ်။”
တိမ်းမှောက်ခဲ့တဲ့ ယာဉ်ဟာ ဆူးလေကနေ တာမွေနဲ့ သာကေတဘက်ကို ပြေးဆွဲနေတဲ့ အောက်ဆိုက်ကားဖြစ်ပြီး မီးနီဖြတ်မောင်းရင်း အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။








