Home
မြန်မာသတင်း
ရန်ကုန်ပွဲဈေးများ၌ လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေ
DVB
·
October 20, 2025

စစ်တပ်အာဏာသိမ်းပြီးနောက် အခုနှစ် ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်တဲ့ ရန်ကုန်မြို့က ပွဲဈေးတွေမှာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် ထည့်သွင်းပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ရေကျော်ပွဲဈေးနဲ့ ရွှေတိဂုံဘုရားပွဲဈေး၊ ကျွန်းတောပွဲဈေးနဲ့ မယ်လမုဘုရားပွဲဈေးတွေမှာ လူအုပ်စုလိုက်နဲ့ လောင်းကစားဝိုင်းတွေကို ပြုလုပ်ခဲ့ကြပြီး ပွဲဈေးလာသူတွေကို လိမ်လည်လှည့်ဖြားနေကြတယ်လို့ ဆိုပါတယ်။

ပွဲဈေးလာရောက်သူတယောက်က “သူတို့က သူ့လူနဲ့သူ ရှိပြီးသား။ ဘေးနားမှာလည်း လူမိုက်တွေက စောင့်ကြည့်နေတာ။ စစချင်းတော့ သူ့လူနဲ့သူ ဆော့ပြနေတာ၊ ဘေးနားကလူတွေ ယုံအောင်လို့ အယုံသွင်းတာ။ အနိုင်ပြတာပေါ့။ ရပ်ကြည့်နေတဲ့သူတွေကလည်း နိုင်လောက်မယ်ထင်ပြီး ဝင်ထိုးကြတာ။ သူတို့ထိုးတော့မှ ရှုံးတာ များတာပေါ့။ တကယ်တော့ ဒါက လိမ်လည်နည်းတမျိုးပဲ” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေမှာ အနည်းဆုံး ၁၀ ယောက် ပါဝင်တဲ့ အုပ်စုဖွဲ့ကာ တရားဝင် မိုက်ခ်နဲ့အော်ခေါ်ပြီး လာရောက်ကစားဖို့ ‌ဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။

လောင်းကစားဝိုင်း လုပ်ကိုင်နေကြသူတွေဟာ ဆော့ကစားနည်းပေါင်းစုံနဲ့ ပွဲဈေးလာသူတွေကို စိတ်ဝင်စားလာစေအောင် လုပ်ကာ လောင်းကစားဝိုင်းထဲ ဝင်ဆော့မိသူတွေကို ပါလာတဲ့ ပိုက်ဆံကုန်တဲ့အထိ မြှောက်ပင့်ဆော့ခိုင်းနေကြတယ်လို့ ပွဲဈေးသွားရောက်ခဲ့သူတွေက ပြောပါတယ်။

လောင်းကစားဝိုင်း လုပ်ကိုင်သူတွေဟာ ပွဲစီစဉ်သူတွေကို တညကို ဆိုင်ခန်းခ ၂ သိန်းပေးပြီး ပြုလုပ်နေကြတာလို့ သိရပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတယောက်က “သူတို့တွေက ဘုရားပွဲဈေးတွေမှာ ဘာလို့လုပ်လဲဆိုရင် လူပေါင်းစုံက လာကြတယ်လေ။ ရွှေတိဂုံဘုရားပွဲဈေးမှာဆိုရင် နယ်ကလူတွေလည်း လာကြတော့ သူတို့ လုပ်စားလို့ ကောင်းတာပေါ့။ အဲဒီလိုလူတွေကို ပစ်မှတ်ထားတယ်။ အရင် လူတွေကို ကြည့်တယ်။ အခုခေတ်က သိတဲ့အတိုင်း လူတိုင်းက စီးပွားရေးကျပ်တည်းနေချိန်ဆိုတော့ ပိုပြီး လုပ်စားလာကြတယ်။ ကိုယ်တောင် တခါ ခံရဖူးတယ်။ ဘေးနားက ရပ်ကြည့်တာ။ တကယ်ရမယ်ထင်ပြီး ဝင်ထိုးမိတာ။ ပါသမျှ အကုန်ပါတာ” လို့ ပြောပါတယ်။

အရင်က ရန်ကုန်မြို့မှာ ပွဲဈေးတွေကို တနေရာမှာ တနှစ်ကို တကြိမ်သာ ကျင်းပခဲ့ပေမဲ့ လက်ရှိမှာတော့ တနှစ်ကို အနည်းဆုံး ၂ ကြိမ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပွဲဈေးတခုကို တပတ်ကြာ လှည့်လည်ပြုလုပ်နေပြီး လောင်းကစားဝိုင်းတွေအပြင် လာရောက်လည်ပတ်သူ လူငယ်တွေရဲ့ ပြန်တဲ့အချိန်ကို စောင့်ပြီး ဖမ်းဆီး ပေါ်တာဆွဲတာတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ ပွဲဈေးတွေကို အမျိုးသားရေးနဲ့ ဘာသာရေး အဖွဲ့အစည်းတခုဖြစ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အသင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဘုရားတွေကို အကြောင်းပြကာ ပျော်ပွဲရွှင်ပွဲအနေနဲ့ တမင်ရည်ရွယ်ပြီး လုပ်ဆောင်တာလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024