
ရန်ကုန်မြို့ထဲ အပါအဝင် အနီးတဝိုက်မှာ ငလျင်ငယ်တွေ မကြာခဏဆိုသလို လှုပ်ခတ်နေတဲ့အတွက် စစ်ကိုင်းငလျင်လို ငလျင်ကြီး လှုပ်ခတ်မှာကို မြို့ခံတွေ စိုးရိမ်နေကြရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်ကလည်း ဒလမြို့ကို ဗဟိုပြုပြီး ပြင်းအား ၃ ဒသမ ၉ ရစ်ချ်တာစကေးရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ခံတွေ သိသိသာသာ ခံစားခဲ့ကြရပြီး တိုက်တွေပေါ်ကနေ ဆင်းပြေးရတဲ့အထိ စိုးရိမ်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နဲ့ ၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။
အခုလို ငလျင်တွေ မကြာခဏ လှုပ်ခတ်နေတဲ့အတွက် ညဘက်တွေမှာ စိတ်ချလက်ချ အိပ်ပျော်ဖို့ ခက်ခဲနေပြီး အရေးကြီးပစ္စည်းတွေကို အရေးပေါ်အခြေအနေမှာ ယူဆောင်သွားနိုင်အောင် ပြင်ဆင်ထားရတယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
“မိုးရွာတာနဲ့ အခုက မြို့ထဲမှာရော နည်းနည်း အစွန်ဘက်က မြို့တွေမှာရောက ရေမြုပ်တော့ မြေသားတွေ ပျော့နေပြီးတော့မှ ငလျင်တခုခုဖြစ်ရင် မန္တလေးလောက် မပြင်းရင်တောင်မှ အရမ်း အသေအပျောက်များပြီး အရမ်းအသေအပျောက်ဖြစ်မှာကို ကြောက်တယ်ရော။ ပြင်ဆင်ထားလည်း ဆိုရင်လေ ပတ်စ်ပို့တို့ အဲလို စာရွက်စာတမ်းတို့ ဘဏ်ကတ်တို့ကို အိတ်တလုံးထဲ ထည့်ထားလိုက်တယ်။ ပြီးတော့ မိန်းကလေးသုံး ပစ္စည်းတွေလည်း ထည့်ထားတယ်။ ဆက်သွယ်ရမယ့် ကတ်လေးတွေလည်း ထည့်ထားတယ်။”
ရန်ကုန်မြို့ဟာ ငလျင်ကြီးတွေ အဓိကလှုပ်ခတ်တဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ ကီလိုမီတာ ၃၀ ဝန်းကျင်ဝေးပြီး မြို့နဲ့ အနီးတဝိုက်မှာ ပြင်းအားမြင့် ငလျင်ကြီးတွေ လှုပ်နိုင်တဲ့ ပြတ်ရွေ့တွေ မရှိနေဘူးလို့ ငလျင်ပညာရှင်တွေက ပြောကြပါတယ်။
ရန်ကုန်မြို့အနီးတဝိုက်မှာ ပြတ်ရွေ့ငယ်တွေ ရှိတဲ့အတွက် ငလျင်ငယ်လှုပ်ခတ်မှုတွေ ဖြစ်နိုင်ပေမဲ့ ငလျင်ကြီး လှုပ်ခတ်ဖူးတာ မရှိတဲ့အတွက် ငလျင်ကြီးလှုပ်ခတ်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။
ငလျင်ပညာရှင် ဦးမျိုးသန့်က “ရန်ကုန်မြို့ရဲ့ အနီးဝန်းကျင်နဲ့ အောက်တွေမှာတော့ အဲဒီ ပြတ်ရွေ့ငယ်တွေက ပြင်းအား မဂ္ဂနီကျု ၃၊ ၄၊ ၅ ရှိတဲ့ ငလျင်တွေကတော့ လှုပ်နေနိုင်တယ်။ ပြသနာမရှိဘူး။ သို့သော်လည်းပဲ တကယ့်တကယ် ပြည်သူလူထုအနေနဲ့ သတိထားရမယ့် ဟာကတော့ စစ်ကိုင်းပြတ်ရွေ့ ပဲခူးအပိုင်းကိုပဲ သတိထားဖို့ လိုအပ်တယ်။ ငလျင်ကြီးတွေ ဘယ်နေ့လှုပ်မယ်၊ မနက်ဖြန်ခါလှုပ်မယ်၊ သန်ဘက်ခါလှုပ်မယ်၊ နောက်တပတ်လှုပ်မယ်၊ နောက် လေးငါးနှစ် လှုပ်မယ်ဆိုတဲ့ အဲဒီလိုမျိုး ကာလတို ခန့်မှန်းဖို့ရာအတွက် ခက်ခဲတယ်။ ပြောနိုင်ဖို့ သုတေသီတွေ၊ သုတေသနပညာရှင်တွေက ကြိုးစားဆဲပဲ။ အဲ့တော့ ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့နေစရာ မလိုဘူး။ ဆိုရှယ်မီဒီယာမှာ ရေးနေတာမျိုးတွေ ဘာတွေပေါ့နော်” လို့ ပြောပါတယ်။
ငလျင်လှုပ်ခတ်မယ်လို့ ကာလတို ခန့်မှန်းမှုတွေ မလုပ်နိုင်ပေမဲ့ ဘူမိဗေဒပညာရှင်တွေ လေ့လာထားတဲ့ ကာလရှည် ခန့်မှန်းပြောဆိုကြတာကို အလေးထားပြီး သတိထားနေထိုင်ကြဖို့ ဆက်ပြောပါတယ်။
၁၉၃၀ ခုနှစ် မေလမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ ပဲခူးအဆစ်အပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကိုတော့ ရန်ကုန်မြို့ခံတွေ ခံစားခဲ့ကြရပြီး လူ ၅၀ နီးပါး သေဆုံးခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။
သီရိ




