
ရန်ကုန်က မြို့နယ်တိုင်းလိုလိုမှာ အချိန်အခါမဟုတ်ဘဲ ဘုရားပွဲဈေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ကျင်းပနေပြီး ပွဲဈေးလာတဲ့ လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုကို ပြသဖို့အတွက်ဆိုပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပွဲဈေးတွေမပြတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့အတွက် ရန်ကုန်က မြို့နယ်တိုင်းလိုလိုမှာ ပွဲဈေးတွေ ဆက်တိုက်ကျင်းပနေတာလို့ သိရပါတယ်။
ရန်ကုန်မှာ မြို့နယ်အလိုက် ပြုလုပ်တဲ့ ပွဲဈေးတွေကို စစ်တပ်လက်အောက်ခံ YMBA အသင်းက ဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။
ဘုရားပွဲဈေးတွေကို နှစ်စဉ်ကျင်းပနေကြပုံစံမျိုးမဟုတ်ဘဲ အချိန်အခါမဟုတ်ကျင်းပနေတာဖြစ်ပြီး ပွဲဈေးလာရောက်တဲ့ လူငယ်တွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံတယောက်က “ကျွန်းတောလမ်းဘုရားပွဲက တနှစ်မှတကြိမ်ပဲလုပ်ကြတာ။ လုပ်ဖို့လည်း အချိန်တွေလိုသေးတယ်၊ တပေါင်းလလောက်မှ ကျင်းပတာ။ ခုဟာက စကစ က တနှစ်လုံး မပြတ်စတမ်း ဘုရားပွဲလုပ်နေတာ အချိန်အခါမဟုတ်တွေရော။ ပြီးရင် ညဘက်ဘုရားပွဲပြန် ကလေးတွေကို စောင့်ပြီး ပေါ်တာဆွဲတာ။ ဟံသာဝတီလမ်းဘက်ကို ပြန်ကြရင် အဲဘက်က အဖမ်းအဆီး ပိုကြမ်းပါတယ်။ လူနေအိမ်တွေပြတ်ပြီး ရုံးဝင်းအကျယ်ကြီးတွေနဲ့ဆိုတော့၊ အိမ်နားမှာဆို မနက်စောစောတွေ ညဘက်တွေ ရပ်ထားတဲ့ကားတွေကြား ခိုးကြောင်ခိုးဝှက်စောင့်နေပြီး တယောက်၊ နှစ်ယောက်တည်းလာတဲ့ လူငယ်တွေကို ဆွဲခေါ်သွားတာ ခဏခဏပါပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် ပွဲဈေးတွေမှာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြတာတွေလည်း ရှိနေတဲ့အတွက် မြို့ခံတွေကြားထဲ ဝေဖန်မှုတွေရှိနေပါတယ်။
တဖက်မှာလည်း တချို့ရပ်ကွက်တွေမှာ ပွဲဈေး ပြုလုပ်နိုင်ဖို့ ကုန်ကျစရိတ်တွေကို ပြည်သူတွေ ဆီက ကောက်ခံနေတယ်လို့ သိရပါတယ်။
ပွဲဈေးတွေ ဆက်တိုက်ပြုလုပ်နေသလို တဖက်မှာလည်း ပွဲဈေးကအပြန် လူငယ်တွေကို ပေါ်တာဆွဲတာတွေရှိတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတယ်လို့ နောက်ထပ် ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
“ပုံမှန်တနှစ်ကို တကြိမ်လောက်ဆိုရင် ခုက တနှစ်မှာ ၅ ကြိမ်လောက်ကို လုပ်နေတာ နေရာတိုင်းမှာပဲ။ အဲနားလေးတင်ကို ကားလမ်းတွေ အကုန်ပိတ်တာပေါ့။ ဘုရားပွဲလို့သာပြောတာ လူလည်း မရှိတော့ပါဘူး ခဏခဏဆိုတော့လေ။ ဘုရားပွဲ ဗန်းပြပြီး တချို့နေရာတွေမှာ ပေါ်တာအရမ်းဆွဲတာပါ။ သွားလည်းစောစောစီးစီးသွား စောစောစီးစီးပြန်လာ သိပ်ပြီးတော့ မသွားရဲကြတော့ဘူးပေါ့နော်။ ခုက လုံခြုံရေးအရမ်းစိုးရိမ်ရတယ်။ သူတို့က လူငယ်တွေကို အဓိကဆွဲတာ၊ လူတစုကောင်းစားဖို့အတွက် အောက်ခြေလူတန်းစားတွေက စတေးရတဲ့ တိုင်းပြည် ဖြစ်နေတော့ သိပ်ပြီးအဆင်မပြေပါဘူးဗျာ။”
စစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲကို ပထမအကြိမ်မှာ ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀ နဲ့ တတိယအကြိမ်ဆိုပြီး ၃ ကြိမ်ခွဲ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
စစ်ခေါင်းဆောင်ကတော့ တည်ငြိမ်အေးချမ်းတဲ့သဘောပြဖို့အတွက် ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ပြုလုပ်နေပေမဲ့ တဖက်မှာလည်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ် ပြုလုပ်နေဆဲပါ။
ကေခိုင်




