
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ ၉၄ ယောက် ရှိပြီး ရုပ်အလောင်းတွေကို အများပြည်သူသုံး သင်္ချိုင်းမှာ မြှုပ်နှံခဲ့တယ်လို့ ပြည်နယ်အာဏာပိုင်တွေထံက သိရပါတယ်။
မြောက်ဆူမားတြားပြည်နယ်၊ တောင်ပိုင်းတာပါနူလီဒေသမှာ ဒေသခံတွေဟာ အစိုးရစိုက်ခင်းကုမ္ပဏီပိုင် မြေကွက်ကျယ်တခုမှာ ရုပ်အလောင်း ၇ လောင်းကို မြှုပ်နှံခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး ဆက်လက်လုပ်ဆောင်နေကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ကျွန်းရဲ့ တချို့နေရာတွေမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေဆဲဖြစ်ပြီး အာဏာပိုင်တွေဟာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိဖို့ လုပ်ဆောင်နေကြောင်းနဲ့ မြေပြိုမှု အပျက်အစီးတွေကြောင့် ပိတ်ဆို့နေတဲ့လမ်းတွေကို ရှင်းလင်းဖို့ လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်မူဟာရီက ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အကူအညီတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ဘေးသင့်ထိခိုက်ခဲ့ရတဲ့ နေရာတွေဆီ လေကြောင်းကနေ ဆက်လက် ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
စုစုပေါင်း လူ ၂၂ ယောက်သေဆုံးခဲ့တဲ့ အနောက်ဆူမားတြားရှိ ပါဒန်ပါရီယာမန်ဒေသမှာ ဒေသခံတွေဟာ အနည်းဆုံး တမီတာအမြင့်ရှိ ရေမျက်နှာပြင်ကို ရင်ဆိုင်ခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ သောကြာနေ့အထိ မရောက်ရှိနိုင်သေးပါဘူး။
ကျွန်းအနောက်ဘက်ရှိ အဓိကမြို့ ပါဒန်မှာ မော်တော်ကားတွေ တိမ်းမှောက်နေပြီး လူအများအပြားဟာ သူတို့ရဲ့အိမ်တွေထဲမှာ ပိတ်မိနေဆဲဖြစ်ကြောင်း ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။
သဘာဝဘေးအန္တရာယ်လျှော့ချရေးအရာရှိ အီလ်ဟမ်ဝါဟဘ်က နိုဝင်ဘာ ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တံတားပြိုကျမှုတို့ကြောင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်တာကို စိုးရိမ်ကြောင်း ပြောပါတယ်။
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို တပတ်ကြာခံစားခဲ့ရပြီး မလက္ကာရေလက်ကြားမှာလည်း ရှားရှားပါးပါး အပူပိုင်းမုန်တိုင်းတခု ဖြစ်ပေါ်ခဲ့ပါတယ်။
အင်ဒိုနီးရှားရေကြီးမှုဟာ အခုတပတ်အတွင်း အရှေ့တောင်အာရှကို ထိခိုက်စေတဲ့ ရာသီဥတုဘေးအန္တရာယ်တွေထဲမှ တခုဖြစ်ပါတယ်။ ထိုင်းနဲ့ မလေးရှားတို့မှာလည်း ရေကြီးမှုကြောင့် လူတွေသေဆုံးခဲ့ပြီး ရေမျက်နှာပြင်မြင့်မားမှုကြောင့် ဆေးရုံတွေလည်း ရေနစ်မြုပ်သွားနိုင်ခြေ ရှိနေပါတယ်။
Source: Reuters


