
လူဦးရေ ၄၂ သန်းနီးပါး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာဟာ ဂျပန်နိုင်ငံ၊ တိုကျိုကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံးမြို့ ဖြစ်လာပါတယ်။
နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ World Urbanization Prospects 2025 အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ မြို့ကြီးတွေမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။
၂၀၁၈ အစီရင်ခံစာမှာတုန်းက ထိပ်ဆုံးမှာရှိခဲ့တဲ့ တိုကျိုမြို့ကတော့ လူဦးရေ ၃၃ သန်းနဲ့ တတိယ နေရာကို ရောက်ရှိသွားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာကတော့ လူဦးရေ သန်း ၄၀ နဲ့ ဒုတိယနေရာကို တက်လာပါတယ်။
ဒါကာမြို့ဟာ ဒီရာစုနှစ်ဝက်လောက်မှာ ကမ္ဘာ့လူဦးရေအများဆုံးမြို့ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ လူဦးရေ ၁၀ သန်းနဲ့အထက် နေထိုင်တဲ့ မီဂါစီးတီး (Megacity) ၃၃ မြို့အထိ ရှိလာခဲ့ပြီး အဲဒီအထဲက ၁၉ မြို့ဟာ အာရှတိုက်က ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်တုန်းက မီဂါစီးတီး ၈ မြို့ပဲ ရှိခဲ့ပေမယ့် အခုဆိုရင် ၄ ဆလောက်အထိ တိုးပွားလာတာပါ။
လူဦးရေအများဆုံး ထိပ်တန်း ၁၀ မြို့စာရင်းမှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကလွဲလို့ ကျန်တဲ့မြို့အားလုံးဟာ အာရှဒေသကပဲ ဖြစ်ပါတယ်။
၂၀၅၀ ပြည့်နှစ်မှာတော့ မီဂါစီးတီး ၃၇ မြို့အထိ ရှိလာနိုင်သလို လူဦးရေ ၂ သိန်းခွဲအောက် မြို့ငယ်တွေရဲ့ လူဦးရေတိုးတက်မှုနှုန်းကလည်း ပိုမိုမြန်ဆန်လာနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ပါတယ်။
Source:Reuters


