
ကွယ်လွန်သူ အာဏာရှင်သမ္မတဟောင်း ဆူဟာတိုကို အမျိုးသားသူရဲကောင်းဘွဲ့ ပေးအပ်ချီးမြှင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ဖျက်သိမ်းဖို့ တက်ကြွလှုပ်ရှားသူ အယောက် ၁၀၀ လောက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ရှိ သမ္မတအိမ်တော်အနီးမှာ နိုဝင်ဘာ ၆ ရက်က စုဝေး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆူဟာတိုဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အဂတိလိုက်စားမှုတွေမှာ ပါဝင်ပတ်သက်မှုရှိကြောင်း စွပ်စွဲကြပြီး နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာဖို့ စီစဉ်ထားတဲ့ အမျိုးသားသူရဲကောင်းဘွဲ့နဲ့ မထိုက်တန်ကြောင်း ငြင်းခုံခဲ့ကြပါတယ်။
ကန့်ကွက်မှုကို ထုတ်ဖော်ပြောဆိုကြဖို့ စုဝေးခဲ့ကြတဲ့ ဆန္ဒပြသူတွေထဲမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အင်ဒိုနီးရှား) နဲ့ ပျောက်ဆုံးသွားသူများနဲ့ အကြမ်းဖက်ခံရမှု သားကောင်များဆိုင်ရာ ကော်မရှင် (KontraS) တို့လို လူ့အခွင့်အရေးအဖွဲ့တွေအပြင် ၁၉၉၈ ခုနှစ်က ဆူဟာတိုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားဟောင်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေမှာ နစ်နာသူဖြစ်ခဲ့ရသူတွေရဲ့ မိသားစုတွေလည်း ပါဝင်ကြပါတယ်။
ဆန္ဒပြသူတွေဟာ “သားသတ်သမား ဗိုလ်ချုပ်ကြီးကို ဆေးဖြူသုတ်ပြီး လူကောင်း လုပ်နေတာကို ရပ်လိုက်ပါ”၊ “လူပေါင်းထောင်ချီ သေဆုံးခဲ့တာကို နိုင်ငံက မေ့ပစ်ချင်နေပြီ” စသဖြင့် ရေးသားထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားပါတယ်။
လူထုဆန္ဒပြပွဲတွေ၊ စီးပွားရေး အကျပ်အတည်းတရပ်နဲ့ လူ ၁,၂၀၀ လောက် သေဆုံးခဲ့တဲ့ ဂျကာတာက အဓိကရုဏ်းတွေကြောင့် ဆူဟာတိုကို ၁၉၉၈ ခုနှစ်မှာ ရာထူးမှ အတင်းအကျပ် ဆင်းခိုင်းခဲ့ကြပါတယ်။
ဆူဟာတိုဟာ လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ ယောက္ခမဟောင်းလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတွေဟာ ဆူဟာတိုနဲ့အတူ တခြားပုဂ္ဂိုလ် ၄၈ ယောက်ကို အမျိုးသားသူရဲကောင်းဘွဲ့အတွက် ကိုယ်စားလှယ်လောင်းတွေအဖြစ် အဆိုပြုထားတာ ဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ချမှတ်မှာဖြစ်ပါတယ်။
Source: Reuters


