
တောင်ကိုရီးယားနိုင်ငံ ဂျောင်းဂျူးမြို့မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကြီး (APEC)ရဲ့ အစည်းအဝေး ပြီးဆုံးပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်တို့ တွေ့ဆုံချိန်မှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဆိုးလ်မြို့တော်က တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက တောင်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် ဖြစ်တယ်၊ တရုတ်နိုင်ငံ ထွက်သွား စတဲ့ စာတွေ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။
ဟွန်းဒေးဒေသရဲ့ လူစည်ကားတဲ့ ဈေးဝယ်လမ်းတွေတလျှောက် ချီတက်ခဲ့ကြပါတယ်။ အသက် ၆၄ နှစ်အရွယ် ရှေးရိုးစွဲ ဆန္ဒပြသူ ကင်ဟေးကျောင်းက “လစ်ဘရယ်ဒီမိုကရေစီကို ကာကွယ်ဖို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာ”လို့ ပြောပါတယ်။
ရှေးရိုးစွဲအဖွဲ့ "Free Univ" က ဆန္ဒပြပွဲ စီစဉ်သူ ပါ့ခ်ဂျွန်ယန်းက ခေါင်းဆောင် ၂ ယောက် အကြား "ခင်မင်ရင်းနှီးပုံရတဲ့" တွေ့ဆုံမှုတွေဟာ လက်ရှိပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူးလို့ ယုံကြည်တဲ့ အကြောင်း ပြောပါတယ်။
၁၁ နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံဆီ ပထမဆုံးအကြိမ် လာလည်တဲ့ ရှီက တရုတ်ပြည်မကြီး အစိုးရဟာ တောင်ကိုရီးယားအစိုးရနဲ့ ဆက်ဆံရေးကို အလွန်အလေးထားပြီး ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ဖို့နဲ့ စိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်ဖို့ ဆန္ဒရှိတယ်လို့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်ကို ပြောခဲ့ပါတယ်။
လီက မြောက်ကိုရီးယားကို နျူကလီးယားဖျက်သိမ်းရေးအတွက် စပြီးထိတွေ့ဆက်ဆံရာမှာ အဆင့်လိုက် ချဉ်းကပ်ဖို့နဲ့ နျူကလီးယားလက်နက်တွေ နောက်ထပ်တီထွင်မှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားကို အပြုသဘောဆွဲဆောင်ရာမှာ ကူညီဖို့ကိုလည်း လီက ရှီကို တောင်းဆိုခဲ့ပါတယ်။
ရှီဟာ တောင်ကိုရီးယားကနေ မထွက်ခွာမီ နိုင်ငံတော်စားသောက်ပွဲကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။
Source: Reuters




