
ကွယ်လွန်သူ အင်ဒိုနီးရှား အာဏာရှင် သမ္မတဟောင်း ဆူဟာတိုကို အမျိုးသားသူရဲကောင်းအဖြစ် သမက်ဟောင်းဖြစ်သူ လက်ရှိသမ္မတ ပရာဘိုဝိုဆူဘီယံတိုက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိသမ္မတ ပရာဘိုဝိုဟာ ဆူဟာတို လက်ထက်က အထူးတပ်ဖွဲ့တပ်မှူး ဖြစ်သလို ဆူဟာတိုရဲ့ သမီးနဲ့ လက်ထပ်ခဲ့သူလည်းဖြစ်ပေမဲ့ ဆူဟာတို ပြုတ်ကျပြီးနောက်မှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
ဆူဟာတိုရဲ့ ဆယ်စုနှစ် ၃ ခုကြာ အုပ်စိုးမှုအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ ဆွေမျိုးကောင်းစားရေးဝါဒတွေ ထွန်းကားခဲ့ပြီး ၁၉၉၈ ခုနှစ် လူထုအုံကြွမှုနဲ့ ဖြုတ်ချခံခဲ့ရတာပါ။
ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ဆူဟာတိုကြောင့် ဒုက္ခရောက်ခဲ့ရသူတွေရဲ့ မိသားစုတွေက ဒီဂုဏ်ပြုမှုကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဒါဟာ ဆူဟာတိုရဲ့ ရက်စက်မှုတွေကို မျက်ကွယ်ပြုပြီး သမိုင်းကို အမှန်တရားဖုံးကွယ် “whitewash” လုပ်တာဖြစ်တယ်လို့ လှုပ်ရှားသူတွေက ရှုမြင်ကြပါတယ်။
ကန့်ကွက်မှုတွေကြားကပဲ သမ္မတ ပရာဘိုဝို ကိုယ်တိုင် ဆူဟာတိုရဲ့ သားနဲ့သမီးကို ဆုချီးမြှင့်ခဲ့ပြီး ဆူဟာတိုကို လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်းအဖြစ် ဖော်ညွှန်းခဲ့ပါတယ်။
အခမ်းအနားမှာ ပြသထားတဲ့ ဆူဟာတိုရဲ့ပုံဟာ သူ့လက်ထက်မှာပဲ အသတ်ခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင် မာစီနာရဲ့ပုံ ဘေးမှာ ချိတ်ဆွဲထားတာကိုလည်း တွေ့ရပါတယ်။
ဆူဟာတိုဟာ သူ့လက်ထက်မှာ စီးပွားရေးတိုးတက်မှုတွေ ယူဆောင်ပေးခဲ့တယ်လို့ တချို့က ရှုမြင်ကြပေမဲ့ ဒီဆုပေးပွဲဟာ အာဏာရှင်စနစ်ဆီ ပြန်သွားဖို့ လမ်းခင်းနေတာဖြစ်နိုင်ကြောင်း ဝေဖန်သူတွေက သတိပေးလိုက်ပါတယ်။
ပရာဘိုဝို ကိုယ်တိုင်လည်း အရှေ့တီမောက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စွပ်စွဲခံထားရသူဖြစ်ပြီး သူ့လက်ထက်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ပြန်လည်ကျယ်ပြန့်လာတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။
Source: Reuters


