
အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက် နူဆာတန်ဂါရာပြည်နယ်၊ ဟီကောင်ရွာနားက လေဝိုတိုဘီ လာကီလာကီ မီးတောင်ပေါက်ကွဲပြီးတဲ့နောက် အိမ်ခေါင်မိုးတွေပေါ်မှာ အောက်တိုဘာ ၁၅ ရက်က ပြာတွေ၊ သဲတွေနဲ့ ကျောက်စရစ်အလွှာတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
မီးတောင်ပြာတွေကို ကောင်းကင်ဆီ ၆ မိုင်ကျော် အကွာအဝေးထိ မှုတ်ထုတ်ခဲ့တယ်လို့ နိုင်ငံရဲ့ မီးတောင်အေဂျင်စီက ပြောပြီး အာဏာပိုင်တွေက သတိပေးချက်စနစ်ကို အမြင့်ဆုံးအဆင့်ဆီ မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အရှေ့ဘက် နူဆာတန်ဂါရာပြည်နယ်မှာရှိတဲ့ မီးတောင်ဟာ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ ၃၅ မိနစ်မှာ ၉ မိနစ်ကြာ ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံရဲ့ ဘူမိဗေဒအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
တောင်ထိပ်ကနေ ၄ ဒသမ ၃ မိုင်အကွာမှာရှိတဲ့ ဟီကောင်ရွာမှာ သဲနဲ့ ကျောက်စရစ်ရွာချခဲ့လို့ ရွာသူရွာသားတွေရဲ့ နေအိမ်အများအပြား ခေါင်မိုးတွေ ပျက်စီးခဲ့ရပါတယ်။
ဟီကောင်ရွာနဲ့ အနီးတဝိုက်မှာ နေထိုင်သူအားလုံးအပေါ် သဲမိုးရွာနေကြတယ်လို့ အသက် ၅၅ နှစ်အရွယ် ရွာသား လာဇာရပ်စ်ဒူလူက ပြောပါတယ်။
လယ်သမားတွေအနေနဲ့ ဒီအခြေအနေတွေအောက်မှာ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို မဆောင်ရွက်နိုင်တော့ဖို့ အလားအလာများပါတယ်လို့ ဒူလူက ဆက်ပြောပါတယ်။
မီးတောင်ဟာ သြဂုတ်လမှာ နောက်ဆုံးပေါက်ကွဲခဲ့တာပါ။ ဇူလိုင်လမှာလည်း ပေါက်ကွဲခဲ့ပြီး အနီးနားက အပန်းဖြေကျွန်းဖြစ်တဲ့ ဘာလီကျွန်းဆီ လေယာဉ်ပျံသန်းမှု အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
မီးတောင်နဲ့ အနီးဆုံးကျေးရွာတွေမှာ နေထိုင်သူ ဒါဇင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီ တာဝန်ရှိသူက ပြောပါတယ်။
Source: Reuters


