အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့အစိုးရ ရန်ပုံငွေထဲကနေ သဘာဝဘေးတွေအတွက် ထောက်ပံ့ကူညီဖို့ ငွေကျပ် သန်းပေါင်း ၆,၉၆၉ ဒသမ ၈၃ သန်းကို သုံးစွဲခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက အောက်တိုဘာ ၁၃ ရက် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုဟာ သဘာဝဘေးတွေဖြစ်တဲ့ ရေကြီးရေလျှံမှုဘေး၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်း၊ အခုနှစ်မှာပဲ အဖျက်စွမ်းအားကြီးမားတဲ့ စစ်ကိုင်းငလျင်ကြီး စတဲ့ သဘာဝဘေးအန္တရာယ်တွေကို လည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာတော့ သဘာဝဘေးအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေကြသလို မြန်မာနိုင်ငံမှာလည်း အကြမ်းဖက်စစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုဒုက္ခအဝဝကို လျှော့ချပေးနိုင်ဖို့ တော်လှန်ရေးအင်အားစု အသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို လျော့ပါးအောင် လုပ်ဆောင်နေကြရသလို အရပ်သားပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ပြည်သူနဲ့အတူ ကြိုးစားဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကူညီမှုတွေ လုပ်ဆောင်နေသလို စစ်တပ်ကြောင့် ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေ လျော့ပါးသက်သာစေဖို့ ငွေကျပ် ၁၉,၈၉၄ ဒသမ ၈၅ သန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။









